စစ်ကောင်စီဥက္ကဋ္ဌကို ရုရှားသမ္မတပူတင် ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံ

2022.09.07
စစ်ကောင်စီဥက္ကဋ္ဌကို ရုရှားသမ္မတပူတင် ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံ ၂၀၂၂ စက်တင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus တွင် တွေ့ဆုံဆွေးနွေးစဉ်။
Photo: Myanmar Military

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာ စက်တင်ဘာလ ၇ ရက် ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌဟာ အာဏာသိမ်း ၁၉ လအတွင်း ရုရှားနိုင်ငံကို သုံးကြိမ်သွားရောက်ခဲ့ပေမယ့် ရုရှားသမ္မတဘက်က ဒီတစ်ကြိမ်မှာမှ လက်ခံတွေ့ဆုံတာဖြစ်ပါတယ်။

စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က သတင်းမီဒီယာတွေကို Viber ကတစ်ဆင့် ပေးပို့တဲ့သတင်းမှာတော့… နှစ်ဖက်တွေ့ဆုံစဉ်မှာ ရုရှား-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံတကာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တစ်နာရီကျော်ကြာ တွေ့ဆုံမှုအတွင်း ရုရှားသမ္မတပူတင်က… မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိလာတယ်လို့ ပြောကြားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီ RIA က ရေးသားဖော်ပြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရုရှားသမ္မတပူတင်ဟာ နိုင်ငံတကာ အခြေအနေတွေကို တည်ငြိမ်အောင် ဖန်တီးနေတာကြောင့် ကမ္ဘာ့ခေါင်းဆောင် ဖြစ်တယ်လို့ ပြောဆိုကြောင်း ရုရှားအစိုးရပိုင် Tass သတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနဲ့အဖွဲ့ဟာ စက်တင်ဘာလ ၆ ရက် မနေ့က ရုရှားနိုင်ငံ အဏုမြူကော်ပို ရေးရှင်း (Rosatom State Corporations) အမှု‌ဆောင်အရာရှိချုပ် Mr- Alexey Likhachev နဲ့‌ တွေ့ဆုံပြီး နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်လမ်းပြမြေပုံ (road map) ရေးဆွဲရေးကိစ္စကို ဆွေးနွေးပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း စက်တင်ဘာ ၆ ရက် ညပိုင်းမှာပဲ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါးထုတ်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် အကျိုးရှိစွာ အသုံးချမယ်လို့ ဆိုပါတယ်။

ပြည်တွင်းက အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကတော့ အာဏာသိမ်းစစ်တပ်ဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနဲ့ သုတေသနကိစ္စတွေကို အကြောင်းပြပြီး အဏုမြူလက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားလာမှာကို စိုးရိမ်နေကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီဟာ အဏုမြူလက်နက်ပိုင်ဆိုင်ဖို့ စိတ်ကူးယဉ်အိပ်မက် မက်ကောင်းမက်နိုင်ပေမယ့် အကြီးအကျယ် ယိုယွင်းပျက်စီးနေတဲ့ တိုင်းပြည်စီးပွားရေးကြောင့် လက်တွေ့ အကောင်ထည်ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့ အရှေ့ဖျားဖက်ဒရယ်တက္ကသိုလ် (FEFU) မှာကျင်းပတဲ့ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ကို တက်ရောက်ဖို့ စက်တင်ဘာလ ၅ ရက်နေ့ကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌနဲ့အတူ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ နိုင်ငံခြားရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အတော်များများက ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ လိုက်ပါသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။