အမြန်လမ်းပေါ် PDF က စစ်ဆေးပြီးနောက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်

RFA Burmese
2024.12.23
အမြန်လမ်းပေါ် PDF က စစ်ဆေးပြီးနောက် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက် နွားထိုးကြီးမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံအချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဥ်။
Facebook/ နွားထိုးကြီး-Journal

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်မှာ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၂၃ ရက် မနေ့ကစစ်ဆေးခဲ့ပြီး အဲဒီနေ့မှာပဲ နွားထိုးကြီးမြို့နယ် ဒေါင့်ဘိုးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်ဦးသေပြီး သုံးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် (၃၁၈) အနီးမှာ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Natogyi People Defence Force) မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက စစ်ဆေးခဲ့ပြီး အများပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားဖို့ အသိပေးခဲ့တာပါ။

အဲဒီနေ့ ညနေငါးနာရီခန့်မှာ မိုင်တိုင်အမှတ် (၃၁၈) နဲ့ ဆယ်မိုင်ကျော်အကွာမှာရှိတဲ့ ဒေါင့်ဘိုးရွာကို စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နွားထိုးကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်လေးလုံးလည်း ပျက်စီးသွားတယ်။ PDF တွေ ဝင်လာတယ်ဆိုပြီး သတင်းရလို့ ရှိမယ်ထင်တဲ့နေရာကို လိုက်ပစ်တာ။ တိုက်ပွဲဖြစ်တာ မရှိဘူး။ ဒဏ်ရာရတဲ့ သုံးဦးကတော့ ဆေးကုသမှု ခံယူနေတယ်။ ရွာထဲမှာတော့ တချို့က ထွက်ပြေးကြပြီ”

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၃၁၉) အနီးက စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးဂိတ်စခန်းကို နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ်ကို ဒီဇင်ဘာလဆန်းပိုင်ကတည်းက လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်နေတာကြောင့် အရပ်သား ၁၁ ဦးထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။