မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တောင်းဆိုချက်တချို့ ထိုင်းခွင့်ပြု

RFA Burmese
2024.09.26
မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တောင်းဆိုချက်တချို့ ထိုင်းခွင့်ပြု ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေသည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားစဉ်။
MOI

မြန်မာအပါအဝင် လေးနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တောင်းဆိုချက်တချို့ကို စက်တင်ဘာလ ၂၄ ရက်နေ့မှာပြုလုပ်တဲ့ ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများအစည်းအဝေးကနေ သဘောတူ ခွင့်ပြုလိုက်တယ်လို့ ထိုင်းအခြေအစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လှုပ်ရှားနေသူတွေက RFA ကို ပြောပါတယ်။

မြန်မာ၊ ကမ္ဘာဒီးယား၊ လာအိုနဲ့ ဗီယက်နမ်က ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေး ကော်မတီရဲ့ တောင်းဆိုချက် သုံးခုကို သဘောတူခွင့်ပြုလိုက်တာဖြစ်ကြောင်း ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) ကလည်း မနေ့က ထုတ်ပြန်ပါတယ်။

ဒီလေးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမား လူသစ်မှတ်ပုံတင်ခွင့်ပြုဖို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပါမစ်သက်တမ်းကုန်မဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်လုပ်ကိုင်ခွင့်ကို တစ်ကြိမ်ကို သက်တမ်း နှစ်နှစ်နဲ့ နှစ်ကြိမ် တိုးပေးဖို့နဲ့ ရာသီအလိုက် ရွှေ့ပြောင်းနေထိုင်လုပ်ကိုင်တဲ့ အလုပ်သမားတွေအတွက် ပုံမှန် သက်တမ်း ပြန်တိုးနိုင်ဖို့ စတဲ့ အချက်သုံးချက်ကို သဘောတူလိုက်တာဖြစ်ပါတယ်။

ဒီသဘောတူချက်တွေကြောင့် အထောက်အထားလုံး၀မရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့အတွက် အဆင်ပြေပေမဲ့ နေထိုင်ခွင့်ရပြီးသားသူတွေအတွက်တော့ လုံခြုံရေးအန္တရာယ်ရှိနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။

"နံပါတ် တစ် လေးနိုင်ငံက တရားမဝင်အလုပ်သမားတွေကို နေထိုင်ခွင့် ပန်းရောင်ကတ် ထုတ်ပေးလိုက်တယ်၊ အဲဒါက အဆင်ပြေတယ်။ နံပါတ် နှစ်က လာမဲ့ ၂၀၂၅၊ ဖေဖော်ဝါရီလ ၁၃ မှာ PJ သက်တမ်းကုန်မဲ့သူတွေရှိ တယ်။ အဲဒီသူတွေက မြန်မာနိုင်ငံနယ်စပ် သုံးနေရာကိုပြန်ပြီးတော့ MOU ပုံစံနဲ့ အလုပ်လုပ်ခွင့်သက်တမ်း တိုးရမယ်။ အဲဒါက လုံခြုံရေးပိုင်းဆိုင်ရာ ကြီးမားတဲ့ အခက်အခဲ ရှိနေတယ်"

အထူးသဖြင့် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးဖို့ မြန်မာနယ်စပ်ပြန်ရမဲ့သူတွေထဲမှာ နွေဦးတော်လှန်ရေးအတွက် ပါဝင်လှူဒါန်းထားသူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အကြုံးဝင်နေတဲ့သူတွေအတွက် မမြင်နိုင်တဲ့ လုံခြုံရေးအန္တရာယ် ရှိနေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ခြောက်သန်းကျော် ရှိနေတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသား အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်နဲ့ အာဏာပိုင်တွေက ဇွန်လကစလို့ ဖမ်းဆီးစစ်ဆေးနေပြီး ဩဂုတ်လ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံသား တစ်သိန်းခွဲကျော် (၁၅၅,၆၆၉) ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

MAUNG PAING
2024-09-28 06:48

PJသက်တမ်းတိုဖိုးအတွက်ကတော့နယ်စပ်းမှာဆင်သက်တမ်းတို
ရမယ်ဆိုဆင့်မပြေဘူ