မြန်မာအလုပ်သမား ၂ ဦး ထိုင်းမှာ သတ်ဖြတ်ခံရ

ထိုင်း မလေးရှားနယ်စပ် ဆုံခရာခရိုင် ရာနွတ်ဒေသမှာရှိတဲ့ CPF ပုဇွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား (၃) ဦး ညဆိုင်း အလုပ်ကနေ အဆောင်အပြန်မှာ ဆိုင်ကယ်စီး သေနတ်သမားတွေက ဒီကနေ့ မနက် ၃ နာရီ ၄၅ မိနစ် လောက် မှာ သေနတ်နဲ့ ပစ်ခတ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမ တစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

2012.07.25
migrant_workers_A_305_z ထိုင်းနိုင်ငံ ဆိပ်ကမ်းတခုတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

သေနတ်သမားတွေ ပစ်ခတ်လို့ ကျည်ဆန် ထိမှန်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အသက် (၂၆) နှစ်အရွယ် စံပယ်ဖြူ (ခေါ်) မအိစန်နဲ့ အသက် (၂၈) နှစ် အရွယ် ကိုအောင် (ခေါ်) ကိုအောင်သက်ဖြိုးတို့ နှစ်ဦး သေဆုံးခဲ့ပြီး ကျန်တစ်ဦးဖြစ်တဲ့ ကိုခင်မောင်ထွန်းကတော့ ဆုံခရာ ဆေးရုံကြီးမှာ သေနတ်ဒဏ်ရာကို ဆေးဝါးကုသ နေရတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားပြီး သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရရာသူတွေရဲ့ နောက်ဆုံး အခြေအနေကို CPF ပုစွန်စက်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမား ကိုထွန်းက အခုလို ပြောပြပါတယ်။

"ဆိုင်ကယ်တစ်စီးမှာ လူနှစ်ယောက်နဲ့ သေနတ်အတိုနဲ့ ပစ်သွားတာ ကျည်စုစုပေါင်း (၆) တောင့် (၇) တောင့်လောက် သုံးသွားတယ်။ ကောင်မလေးကတော့ အနီးကပ်ကို ပစ်သတ်ခံရတာ။ သေနတ်မှန်တာ ဗိုက်မှာ ဒဏ်ရာတစ်ချက်၊ နောက်တစ်ယောက် ကိုအောင်ဆိုတဲ့လူက ဗိုက်မှာ ၂ ချက် မှန်ပြီးတော့ သေတာ။ နောက်တစ်ယောက် ခင်မောင်ထွန်းက ကျောကုန်းမှာ ကျည်ဆံဝင်သွားပြီးတော့ လက်ရှိ ကျည်ဆံထုတ်ပြီးတော့ ဆုံခရာ ဆေးရုံမှာ လက်ရှိ တင်ထားတယ်။ စံပယ်ဖြူပေါ့၊ သူ့အတွက် အသုဘက ရာနွတ် အကျော်လေးမှာပဲ မွတ်ဆလင် ရပ်ကွက်တစ်ခုမှာ ချလိုက်တယ်"

သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမ မစံပယ်ဖြူ ခေါ် မအိစန်ရဲ့ ရုပ်အလောင်းကို ရာနွတ်မြို့အထွက်က အစ္စလာမ် ဘာသာဝင်တွေနေတဲ့ ရပ်ကွက်တစ်ခုမှာ ဒီကနေ့ နေ့လယ်ပိုင်းက သဂြုႋဟ်လိုက်ပြီလို့ လိုက်ပါ ပို့ဆောင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် လျော်ကြေးငွေနဲ့ စက်ရုံ တာဝန်ရှိသူတွေဘက်က ရာဇဝတ်မှုအတွက် ဆောင်ရွက်ပေးဖို့ ဆက်သွယ် ဆောင်ရွက်နေကြောင်း ဘန်ကောက် မြန်မာသံရုံးက အလုပ်သမားရေး အရာရှိ ဦးကျော်ကျော်လွင်က အာအက်ဖ်အေကို အခုလိုပြောပါတယ်။

"ဟုတ်တယ်ဗျ စီပီအက်ဖ် အအေးခန်း စက်ရုံလေ၊ မန်နေဂျာနဲ့ ချိတ်ပြီးတော့ ပြောလိုက်တော့ မနက်ကပဲ စံပယ်ဖြူကိုတဲ့ အစ္စလာမ် ဘာသာဝင်ဆိုတော့ အစ္စလာမ် ဘာသာဝင် ထုံးစံအရပေါ့နော်၊ သဂြုႋဟ်လိုက်ပြီတဲ့။ အောင်သက်ဖြိုးရဲ့ ရုပ်ကလာပ်ကတော့ ရှိသေးတယ်။ နောက်ပြီးတော့ ခင်မောင်ထွန်းကတော့ အခု ဆေးကုပေးနေတယ်ပေါ့နော်။ ကျွန်တော်တို့ လျော်ကြေး ကိစ္စတွေရော ထပ်ပြောထားတယ်။ သူတို့ လုပ်ပေးပါ့မယ်လို့ အဲဒီ မန်နေဂျာကပဲ ပြောတာပေါ့။ စက်ရုံကတော့ အဲဒီ ရာဇဝတ်မှုနဲ့ ပတ်သက်လို့ သူတို့ လုပ်နေကြတယ်လို့ ပြောတယ်"

အဲဒီ ပုစွန်စက်ရုံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား (၃၀၀) ကျော် လက်ရှိ အလုပ်လုပ်ကိုင် နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။