မယ်စဲ့မြို့နယ်ထဲက တပ်စခန်းနှစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KA ပြော
2023.11.08

ထိုင်း - မြန်မာနယ်စပ်၊ ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်က စစ်ကောင်စီတပ် စခန်းနှစ်ခုကို နိုဝင်ဘာ ၇ ရက်နေ့မှာ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေ ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတချို့ သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) စစ်ရေးချုပ်က ပြောပါတယ်။
မနေ့က ၁၁၀၇ စစ်ဆင်ရေးအဖြစ် ပန်တိန်းရွာအနီးမှာရှိတဲ့ စခန်းကုန်းနှစ်ခုအနက် တစ်ခုကိုဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ပြီး နှစ်ဖက်အသေအဆုံးလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လေကြောင်းနဲ့ တိုက်ခိုက်လာတာကြောင့် အထိုင်ချနိုင်ခြင်း မရှိဘဲ လက်နက်ပစ္စည်းတွေ သိမ်းဆည်းပြီး ပြန်ဆုတ်ခွာလိုက်ရတယ်လို့ (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
“တပ်စခန်းနှစ်ခုကိုတော့ တိုက်တယ်။ တစ်ခုကိုပဲ သိမ်းရပါတယ်။ လက်နက်ပစ္စည်းတွေ သိမ်းပြီးတော့မှ ပြန်ထွက်တာ။ လေယာဉ်လာလို့ ရွှေ့လိုက်တာ ထိုင်ထားတာတော့ မရှိဘူး။ သိမ်းလို့တော့ ရပါတယ်။ အရေးကြီးတဲ့စခန်း တစ်ခုပဲ သိမ်းတာပေါ့။ တခြားနေရာကတော့ သိပ်မများတော့ မသိမ်းဘူးပေါ့”
အဲဒီတိုက်ပွဲမှာ ကရင်နီတပ်ပေါင်းစုတွေဘက်က တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသလို စစ်ကောင်စီတပ်ဘက်က ၁၆ ဦးခန့် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးနှစ်ခါလာကြဲခဲ့တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးတဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုဟာ စစ်ကောင်စီလက်အောက်ခံ အမှတ် ၁၀၀၄ နယ်ခြားစောင့်စခန်း အနီးမှာရှိတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ နယ်ခြားစောင့်စခန်းမှာ စစ်ကောင်စီတပ်သားတွေ မနေတော့ဘဲ အပြင်ဘက်မှာရှိတဲ့ စခန်းတွေမှာ နေထိုင်တာကြောင့် တိုက်ခိုက်ရတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဖုန်းဆက်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
တိုက်ပွဲဖြစ်တဲ့ နေရာတစ်ဝိုက်က ဒေသခံတွေကတော့ အခုနှစ်၊ ဇွန်လမှာဖြစ်ခဲ့တဲ့ မယ်စဲ့တိုက်ပွဲကတည်းက ထွက်ပြေးတိမ်းရှောင်နေရာတာကြောင့် အသစ်ထပ်တိုးတာမျိုးတော့ မရှိဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG)ရဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။
“အဲဒီဘက်မှာ လူတွေက အစကတည်းက မရှိတော့ဘူး။ စစ်ရှောင်နေတဲ့ နေရာတွေမှာပဲ ရှိပါတယ်။ အဲဒါကြောင့် အသစ်ရှောင်တာ မရှိပါဘူး။ ကရင်နီနဲ့ ထိုင်းနယ်စပ် တောက်လျှောက်မှာ ရှိနေတာပါ။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နည်းနည်းဝေးတယ်ပေါ့။ အသံဗလံတော့ ကြားနိုင်တယ်”
ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေဟာ ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးကို ဝန်းရံထောက်ခံကြောင်း ထုတ်ပြန်ပြီးတဲ့နောက်မှာ ၁၁၀၇ စစ်ဆင်ရေးကို ကယားပြည်နယ်မှာ စတင်ဖော်ဆောင်လာတာ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးမှာ ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ ပါဝင်ပါတယ်။
မယ်စဲ့မြို့နယ်ထဲမှာ ဇွန်လ ၁၃ ရက်ကစ တိုက်ပွဲတွေစဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ BP 13၊ BP 14 ၊ မယ်တနွယ်၊ တောင်လှ၊ နမ့်ပေါင်တပ်စခန်းနဲ့ မယ်စဲ့ရဲစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။