ဆွေးနွေးပွဲ စတင်ရန် MPC အထူးစည်းဝေးပွဲလုပ်မည်


2014.08.13
cease-fire-305.jpg ရန်ကုန်မြို့ MPC မှာ လေးရက်တာကျင်းပခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းဆွေးနွေးပွဲ နောက်ဆုံးရက် ဧပြီလ ၈ ရက်နေ့မှာ ပထမအဆင့် အပစ်ရပ်မူကြမ်းတစ်စောင်ကို သဘောတူနိုင်ခဲ့ပါတယ်။
photo: Thiha Tun, Kyaw Lwin Oo/RFA

ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်မှှုကော်မတီက လာမယ့် သြဂုတ်လ ၁၈ ရက်နေ့မှာ အထူးအစည်း အဝေးတစ်ခု ရန်ကုန်မြို့မှာ ကျင်းပဖို့ ပြင်ဆင်နေ ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးစတင်နိုင်ရေးအတွက် တိုင်းရင်းသားပါတီများရဲ့ ကိုယ်စားလှယ်များနဲ့ တချို့သောနိုင်ငံရေးပါတီများကို အဲဒီ့အစည်းအဝေးကို တက်ရောက်ဖို့ ဖိတ်ကြားမှာဖြစ်တယ်လို့ မြန်မာ ငြိမ်းချမ်းရေးဌာန MPC အကြီးတန်းခေါင်းဆောင် ဦးလှမောင်ရွှေက RFA ကို  ပြောကြားလိုက်ပါတယ်။

"ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ဒီ ၃၁ ကာလ အတွင်းမှာတော့ ဒါပထမဦးဆုံး အလွှာ ၃ လွှာပေါ့လေ၊ ကျနော်တို့ဒီဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်မှှုကော်မတီနဲ့ NCCT နဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့တဲ့ပွဲ ဖြစ်လာပါတယ်"

အဲ့ဒီအစည်းအဝေးအတွက် ဖိတ်ကြားမယ့် အဖွဲ့အစည်းစာရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က MPC မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့နဲ့ နိုင်ငံရေးပါတီ  ၆၆ ပါတီကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံပွဲအပြီး ပေါ်ထွက်ခဲ့တဲ့ ကြေညာချက် တစ်စောင်မှာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အမြန်ဆုံး လက်မှတ်ရေးထိုးကြဖို့ တိုက်တွန်းထားတာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီအဖွဲ့ အစည်းတချို့က အဲဒီကြေညာချက်ကို သူတို့ သဘောတူညီချက်နဲ့ ထုတ်ပြန်တာမဟုတ်ကြောင်း ပြောကြား ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး RFA က စုံစမ်းခဲ့ရာမှာ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက အဲဒီကြေညာချက်ကို MPC က ထုတ်ပြန်ခဲ့တာမဟုတ်ပဲ မိမိတို့အဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

"အဲ့ဒါ ကျနော်တို့ကို NBF ကနေပြီးတော့ ညီနောင်တိုင်းရင်းသားပါတီ ၂၀ ကနေပြီးတော့ ရှင်းရှင်းပြောရရင် ကျနော်တို့ရဲ့ idea ပဲဒါက၊ ရှင်းရှင်းပြောရမယ်ဆိုရင်ပေါ့ဗျာ ကျနော်အဆိုတင်သွင်း တာ ကဲ ရှင်းပြီလား၊ ကျနော်အဆိုတင်သွင်းတာက အချိန်လည်း သိပ်မရှိတော့ဘူးလေ၊  ဒီအစိုးရ သက်တမ်း တစ်နှစ်ကျော်ပဲ ရှိတော့တာကိုး"

ဒါ့အပြင် ဦးစိုင်းအိုက်ပေါင်းက မိမိတို့တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်တွေ အမြန်ဆုံးရပ်စဲဖို့ လိုအပ်နေ တာကို အားလုံးက စာနာနားလည်ဖို့လိုကြောင်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မကြာခင် ပေါ်ပေါက်လာမယ် လို့ မျှော်လင့်ကြောင်းလည်း RFA ကို ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။