သစ်တောထိန်းရေး အဖြေရှာ မယ်လို့ ညွှန်မှူးပြောကြား
2016.05.14

၂၀၁၆-၂၀၁၇ ခုနှစ်မှာ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို တစ်နှစ်ရပ်ဆိုင်းသွားမှာဖြစ်ပြီး မြန်မာ့သစ်တော သယံဇာတ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးအတွက် ဆွေးနွေး အဖြေရှာသွားမှာဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း ညွှန်ကြားရေးမှုး ဦးစောဂျွန်ရွှေဘ က ပြောပါတယ်။
ရန်ကုန်မြို့ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်မှာ ဒီနေ့ စတင်ကျင်းပတဲ့ "သစ်တောသယံဇာတ ရေရှည် တည်တံ့ရေးအလုပ်ရုံဆွေးနွေးပွဲ"မှာ မြန်မာ့သစ်လုပ်ငန်း ညွှန်ကြားရေးမှုး ဦးစောဂျွန်ရွှေဘ က ပြောတာဖြစ်ပါတယ်။
"သစ်လုပ်ငန်းရဲ့လက်ထက်မှာလည်း သစ်ကအရန်သင့် ၁ နှစ်စာလောက်ရှိနေပါတယ်၊ ကျနော်တို့ ဒီလိုလုပ်ဆောင်ချက်မျိုးတွေက နှစ်ပေါင်းများစွာ မလုပ်ဆောင်ခဲ့ဖူးပါဘူး၊ မလုပ်ဆောင်ခဲ့တဲ့အတွက် ကျနော်တို့ ဘာနဲ့တူလဲဆိုတော့ ကားတစ်စီးကို သုံးပြီးတော့နော် ပြုပြင်လုပ်ရပါတယ် အဲ့ဒီသဘောမျိုးပါပဲ၊ တစ်နှစ်နားပြီးတော့ သုံးသပ်မယ်၊ လုပ်ပြီးရင် ကျနော်တို့ ဘယ်လိုဆက်လက်ဆောင်ရွက်သင့်တာကို ဆုံးဖြတ်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်၊ အဲ့အတွက် ရည်ရွယ်ပြီးဆောင်ရွက်တာပါ၊ ကျနော်တို့ ဆက်လက်ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ဒီနေ့မှ အကုန်လုံးသုံးသပ်ပါမယ်"
ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သစ်တောသယံဇာတ အပါအဝင် သဘာဝသယံဇာတအားလုံးကို မပျက်စီးအောင် ကြိုးစားကာကွယ်သွားမယ်လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမူပမာဏဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ၅၁ ရာခိုင်နှုန်းကျော်ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်မှာ ၄၂ ရာခိုင်နှုန်းကျော်အထိ လျော့နည်းသွား တာကြောင့် ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီမူ တတိယ အဆိုးဝါးဆုံးနိုင်ငံဖြစ်နေပါတယ်။
မြန်မာတစ်နိုင်ငံလုံးရဲ့ ကျေးလက်နေလူတန်းစားဟာ ၇၀ ရာခိုင်နှုန်းအထိရှိပြီး ထင်း မီးသွေးထုတ်လုပ်မူနဲ့ တောင်ယာခုတ်တဲ့ လုပ်ငန်းတွေကြောင့်လည်း သစ်တောပြုန်းတီးမူကို ဖြစ်စေတယ်လို့ မြန်မာ့သစ်လုပ်ငန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ကျေးလက်နေပြည်သူတွေ ထင်းအစားထိုးလောင်စာတွေ အသုံးပြုဖို့အတွက် ရေနံ၊ ဂက်စ် စတဲ့ စွမ်းအင်လိုအပ်ချက်တွေကို အစိုးရက ဖြည့်ဆည်းပေးနိုင်ရင် သစ်တောပြုန်းတီးမှုကို အလိုအလျောက် လျှော့ချနိုင်တယ်လို့ ဆွေးနွေးပွဲကို တက်ရောက်လာသူတွေက ပြောပါတယ်။
ဆွေးနွေးပွဲကို နှစ်ရက်ကြာ ကျင်းပမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာက သံတမန်တွေ တက်ရောက်ကြ ပါတယ်။
ရန်ကုန်မြို့ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေး ဝန်ကြီးဋ္ဌာန က ဦးဆောင်ပြီး သစ်တောသယံဇာတ ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာ ပြုလုပ်နေပါတယ်။
အဲဒီဆွေးနွေးပွဲမှာ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းပြီး သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်ရေးအတွက် ဆွေးနွေးအဖြေရှာသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မြန်မာ့သစ်လုပ်ငန်း ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘ ကို RFA သတင်းထောက် ကိုသီဟထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။