စစ်ကောင်စီရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်မဆွေးနွေးဘူးလို့ AA ပြော

RFA Burmese
2023.06.01
စစ်ကောင်စီရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်မဆွေးနွေးဘူးလို့ AA ပြော စစ်ကောင်စီ ကိုယ်စားလှယ်တွေနဲ့ MNDAA ၊ TNLA ၊ AA ကိုယ်စားလှယ်အဖွဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းလားမြို့မှာ ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်။
Myanmar Military

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA၊ AA၊ MNDAA  နဲ့ စစ်ကောင်စီတို့ကြား ဇွန်လ ၁ ရက်နေ့ကစလို့  သုံးရက်ကြာ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ စစ်တပ်ဘက်ကလည်း သူတို့ဆွေးနွေးချင်တဲ့အချက်တွေကို တင်ပြသလို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်ကလည်း ဆွေးနွေးချင်တဲ့အချက်တွေ တင်ပြခဲ့တာဖြစ်ပါတယ်။

စစ်တပ်က ဆွေးနွေးချင်တဲ့ အချက်တွေထဲမှာ  ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးဆိုတဲ့ အချက်တွေပါဝင်တယ်လို့ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက RFA ကိုပြောပါတယ်။

ဒါပေမဲ့ အဲဒီအချက်တွေနဲ့ ပတ်သက်လို့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဘက်က ပြန်လည်ဆွေးနွေးမှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဘက်က ဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးရေး၊ မတရားအသင်းကနေ ပယ်ဖျက်ပေးရေးနဲ့ ရခိုင်မှာ မုန်တိုင်းဒဏ်ခံနေရတဲ့ ပြည်သူတွေ အကူအညီတွေ အမြန်ဆုံးရရှိရေးတွေကိုပဲ ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ AA ဘက်က မဆွေးနွေးဘူးလို့ ပြောတဲ့အချက်တွေကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အဲဒီတရုတ်နိုင်ငံကိုယ်စားလှယ် ဝင်ရောက်ဆွေးနွေးတာ မရှိဘူးလို့ မိုင်းလားအဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA နဲ့ ကိုးကန့်တပ်မတော် MNDAA မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ဟာ စစ်အာဏာရှင်စနစ်တိုက်ထုတ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေနဲ့ ပူးပေါင်းသွားမယ်လို့ ဒီနှစ်စပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။