မိုင်ဂျာယန်နောက်ဆုံးနေ့ အစည်း အဝေး ကျင်းပ
2016.07.30

မိုင်ဂျာယန်မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေရဲ့ အစည်းအဝေးကို ဒီနေ့ ၃၀ ရက်နေ့အထိ တစ်ရက်တိုးကျင်းပကြပါတယ်။
တရုတ်မြန်မာနယ်စပ် ကေအိုင်အို ထိမ်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ အစည်းအဝေးကို နောက်ဆုံးနေ့ အဖြစ် ကျင်းပနေပါတယ်။ ဒီနေ့ သဘာပတိအဖြစ် ဆောင်ရွက် တဲ့ ကေအိုင်အို ဒုတိယဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထဲက ဆွေးနွေးရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့တိုက်တွန်း လိုက်ပါတယ်။
"အခုလို ကျနော်တို့ တွေ့ဆုံနေတုံးမှာ ပိုပီးတော့ အရေးကြီးတဲ့တစ်ခုပေါ့ ကျနော်တို့ အပစ်ရပ်အဖွဲ့ရော အပစ်မရပ်အဖွဲ့ဆိုပီးတော့ ခွဲခြားလို့မနေပဲနဲ့ အစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာ စုစုစည်းစည်း ဖြစ်နိုင်ရေး အတွက် ဆွေးနွေးရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းပေးနိုင်ရင် အင်မတန်မှ ကောင်းမယ်လို့ ကျနော့်အနေနဲ့ ယုံကြည် ပါတယ်"
အဖွဲ့တစ်ရပ်ဖွဲ့နိုင်ရင် ရှေ့လုပ်ငန်းစဉ်တွေကို အားလုံးက ညီညီညွတ်ညွတ်နဲ့ ဆုံးဖြတ်ပီးတော့ အစိုးရနဲ့ဖြစ်ဖြစ် တိုင်းရင်းသားပေါင်းစုံ ညီလာခံမှာပဲဖြစ်ဖြစ် ဦးဆောင်ဦးရွက်လုပ်နိုင်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ တိုက်တွန်းတာဖြစ် တယ်လို့ သူကပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ ပင်လုံလက်စွဲစာတမ်း၊ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေမှာ ပါဝင်ရမဲ့အခြေခံမူတွေ၊ အမျိုးသားကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေး မူဝါဒါဆိုင်ရာ အခြေခံမူတွေနဲ့ ဖယ်ဒ ရယ် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ မူဝါဒနဲ့ဆိုင်တဲ့ စာတမ်းတွေ တင်သွင်းဆွေးနွေးကြတာ ဖြစ်ပါတယ်။
ဒါ့အပြင်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် တွေမှာ ဆက်စပ်ညှိနှိုင်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ ကို ဆွေးနွေးကြပါတယ်။