တိုက်ပွဲတွေ လက်တွေ့လျှော့ချနိုင်ရေး ကူမင်းမှာဆွေးနွေး
2018.10.31

မြောက်ပိုင်းဒေသမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လက်တွေ့ကျကျ လျော့ချနိုင်ရေးနဲ့ နောက်ပိုင်းမှာ KIA အပါအဝင် မြောက်ပိုင်းက ၄ ဖွဲ့လုံးနဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ TNLA၊ AA နဲ့ ကိုးကန့် MNDAA အဖွဲ့တို့ ဒီနေ့ ဆွေးနွေးပွဲမှာ သဘောတူညီချက် ရခဲ့ပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီနေ့ ကျင်းပတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် အဖွဲ့ ၃ ဖွဲ့နဲ့ ငြိမ်းချမ်းရေးကေ်ာမရှင်တို့ ဒုတိယအကြိမ် တွေ့ဆုံပွဲမှာ တိုက်ပွဲတွေ လျော့ချနိုင်ရေး အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ အခြေခံအချက် တချို့ကို သဘောတူညီခဲ့တယ်လို့ TNLA အထွေထွေ အတွင်းရေးမှုး ဗိုလ်မှူးချုပ် တာဘုန်းကျော်က RFA ကို ပြောပါတယ်။
တဆက်တည်းမှာပဲ နိုင်ငံရေးဆွေးနွေးပွဲတွေ တစ်ဆင့်မြှင့်တက်လှမ်းနိုင်ဖို့ UWSA "ဝ" ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC နဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပသွားဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲမှာ နောက်ထပ်တဆင့် နားလည်မှု ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အခြေခံ သဘော တူညီချက်တချို့ ရခဲ့တဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ AA ရခိုင်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့နဲ့ ကိုးကန့် MNDAA အဖွဲ့တွေ လိုက်ပါနိုင်ဖို့အတွက် အဲဒီ ၃ ဖွဲ့က ထုတ်ပြန်ချက်တစ်စောင်ကိုလည်း မကြာမီ ညှိနှိုင်းပြီး ထုတ်ပြန်ဖို့ရှိတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ TNLA အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်၊ အတွင်းရေးမှူး ၂ တာပန်လှ၊ AA အဖွဲ့က ဒေါက်တာ ညိုထွန်းအောင်၊ ကိုးကန့်က ဒု ဥက္ကဋ္ဌ ရန်ဝေကျုံး တို့ ဦးဆောင်တက်ရောက်ကြပါတယ်။
ဒါ့အပြင် UWSA "ဝ" နဲ့ KIA အဖွဲ့က ကိုယ်စားလှယ်တွေလည်း သက်သေအဖြစ် တက်ရောက်ခဲ့တယ်လို့ တာဘုန်းကျော်က ပြောပါတယ်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။