မိကျောင်းကန်မြေယာကိစ္စ ဆန္ဒပြသူများ စုံစမ်းရေးကော်မရှင်ထံ စာပို့
2014.12.18

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ဝင်ပေါက်မှာ ပိတ်ဆို့ ဆန္ဒပြနေတဲ့ မိကျောင်းကန်သားတွေက အစိုးရအနေနဲ့ သူတို့နဲ့မညှိနှိုင်းနိုင်ရင် လာရောက်ဖမ်းဆီးဖို့ဆိုပြီး လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင် အပါအဝင် အဖွဲ့အစည်း ၉ ခုထံ ဒီကနေ့ စာပေးပို့ လိုက်ပါတယ်။
မိကျောင်းကန် မြေယာပြဿနာကို ညှိနှိုင်းပေးဖို့ ဆန္ဒပြတောင်းဆိုနေပေမဲ့ ဖမ်းဆီးဖို့ကိုပဲ အစိုးရ ကပြောနေတာကြောင့် လာဖမ်းဖို့ အခုလိုစာတင် တာဖြစ်တယ်လို့ မိကျောင်းကန်သပိတ်စခန်းက ဦးမောင်မောင်က ပြောပါတယ်။
"အာဏာပိုင်က ညှိနှိုင်းဖို့တော့ မပြောဘူး၊ အရေးယူဖို့ ဖမ်းဆီးဖို့ ဒါကိုပဲပြောနေတယ်၊ အကိုတို့လိုချင်တာက ညှိနှိုင်းဖို့၊ သူတို့လိုချင်တာက ဖမ်းဆီးရေးဆိုတော့ ဆန့်ကျင်ဘက်တွေဖြစ်နေတယ်၊ အကိုတို့က ညှိနှိုင်းရေးလမ်းကြောင်းပေါ်ကိုရောက်ရှိဖို့ အဓိကဦးတည်တာပေါ့နော်၊ သူတို့ကတော့ အရေးယူမယ်၊ ဖမ်းဆီးမယ်၊ ဒါပဲ သူတို့ဖက်ကလာတယ်၊ မညှိနှိုင်းဘူးဆိုရင်လည်း ဖမ်းဆီးပါ၊ တကယ်လို့ ညှိနှိုင်းမယ်ဆိုရင် လည်း ညှိနှိုင်းပါ၊ ဒီလိုမျိုးနေရတာ ဒုက္ခရောက်လို့ပါ၊ တစ်ခုခုတော့ စီစဉ်ဆောင်ရွက်ပေးပါ"
ဒီနေ့ပေးပို့တဲ့စာမှာ မိကျောင်းကန်မြေယာတွေအတွက် လျော်ကြေးငွေပေးဖို့ ဒါမှမဟုတ် မြေယာအစားထိုးပေးဖို့ လည်း တောင်းဆိုထားပါတယ်။ အဲဒီစာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းရေးကော်မရှင်၊ နိုင်ငံတော်သမ္မတရုံး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ထံ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။
မြို့တော်ခန်းမကို ပိတ်ဆို့ပြီး ဆန္ဒပြနေတာဟာ ဥပဒေနဲ့မညီတဲ့အတွက် အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
မိကျောင်းကန်ပြည်သူတွေဟာ သိမ်းဆည်းခံရတဲ့မြေတွေပြန်ရရှိဖို့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေတာ ၉ လနီးပါးရှိပြီး မြို့တော်ခန်းမရဲ့ ထွက်ပေါက်တစ်ခုကို ပိတ်ဆို့ဆန္ဒပြနေတာ ဒီနေ့ဆိုရင် ၆ ရက် ရှိပြီ ဖြစ်ပါတယ်။