မိကျောင်းကန် ရပ်ကွက်သားတွေ ဆက်လက်ဆန္ဒပြ
2013.11.27

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်မြေနေရာ အပိုင်း ၁၊၂၊၃ ရှေ့မှာ ဆန္ဒပြနေကြတဲ့ မိကျောင်းကန် မြေပိုင်ရှင်တွေဟာ မနေ့နေ့လည်ပိုင်းက သပိတ်စခန်းဖွင့်လိုက်ပြီး အခုဆိုရင် တောင်းဆိုချက် ၆ ချက်ကို ဆက်လက်တောင်းဆို ဆန္ဒပြနေကြပါတယ်။
မိကျောင်းကန်မြေနေရာ ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မယ့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးချင်တယ်လို့ ဆန္ဒပြသပိတ်စခန်းမှာပါဝင်တဲ့ မိကျောင်းကန်ပြည်သူတစ်ဦးက ပြောပါတယ်။
"လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဆင်းလာတယ်ဆိုတာတောင်မှ အခုထက်ထိကို လုံးဝကောင်းတဲ့အခြေအနေ ကို မလာပါဘူုး၊ ဆိုးတဲ့အခြေအနေကိုပဲ ရောက်နေပါတယ်၊ ဒီလောက်အထိ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကိုက တင်ပြဆွေးနွေးနေတယ်၊ လွှတ်တော်မှာ ပြောနေတဲ့အထိတောင် ကျမတို့ပြည်သူတွေကို တစ်ယောက်ပြီးတစ်ယောက် အင်းစိန်ကိုပို့နေတယ်ရှှုင့်၊ အဲဒီအတွက် ကျမတို့ကတော့ ကျမတို့မြေကိုပြန်ရတဲ့ အထိ တကယ်တာဝန်ယူမှု၊ တာဝန်ခံမှုရှိနိုင်မယ့်လူနဲ့ ကျမတို့ဆွေးနွေးချင်ပါတယ်"
မိကျောင်းကန် မြေပိုင်ရှင်တွေကို ပုဒ်မ ၁၈ နဲ့ အရေးမယူဖို့၊ မိကျောင်းကန်မြေပေါ်က မြစာရံဘုရားကြီးကို ၂၄ နာရီ ဖူးမျှော်ခွင့်ပေးဖို့၊ မိကျောင်းကန်မြေနေရာ ပြဿနာတွေ ဖြေရှင်းနေစဉ်မှာ ဆောက်လုပ်နေတဲ့ အဆောက်အဦးတွေကို ဆောက်လုပ်ခွင့် ရပ်ဆိုင်းပေးဖို့၊ မိကျောင်းကန်အရေး လှုပ်ရှားသူတွေထဲက အကျဉ်းကျနေသူတွေကို လွှတ်ပေးဖို့စတဲ့ အချက် ၆ချက်ကို တောင်းဆိုနေကြပါတယ်။