မိကျောင်းကန် ရပ်ကွက်သားတွေ ဆက်လက်ဆန္ဒပြ


2013.10.03
mechaungkan-protest-305.jpg ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ အောက်တိုဘာလ ၂ ရက်နေ့ကစတင်ပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေသော မိကျောင်းကန် ၁၊၂၊၃ ရပ်ကွက်မှ မြေပိုင်ရှင်များကို တွေ့ရစဉ်
photo: RFA/ Win Naing

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း ၁၊၂၊ ၃ မှာ ၁၉၉၁ ခုနှစ်အထိ နေထိုင်ခဲ့ကြသူ ဒေသခံတွေဟာ စစ်တပ်က သိမ်းယူထားတဲ့ သူတို့ရဲ့မြေနေရာတွေ ပြန်လည် ရရှိရေးအတွက် ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအနီး ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းမှာ ဒီကနေ့ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဆရာတော်၊ သံဃာတော်တွေကလည်း လာရောက်အားပေးခဲ့တယ်လို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ မနေနွယ်သန်းက RFA ကို ပြောပါတယ်။

“လယ်တီကျောင်းဆရာတော် သုံးပါးပေါ့နော်၊ ခုလေးတင်လာသွားပါတယ်၊ မနေ့က ကတည်းကရှိနေတဲ့ အဘိုးအဘွားကြီးတွေဟာ သက်ကြီးရွယ်အိုတွေဆိုတော့ ကျန်းမာရေးက တော်တော်ချို့တဲ့အတွက် လာရောက်အားပေးသွားပါတယ်၊ အားပေးသွားတဲ့နေရာမှာ ပိုင်ဆိုင်မှုအထောက်အထားတွေကလည်း အတိအကျ ကျမတို့ပြသနိုင်တယ်၊ ဘိုးဘွားပိုင်မြေဆိုတာ အတိအကျဖြစ်တဲ့အတွက် ကျမတို့ကလိမ်ပြီးပြနေတာ မဟုတ်တဲ့အတွက်ကြောင့် တချိန်မှာအမှန်တရားဟာ အောင်မြင်ရမယ်ဆိုတဲ့ အားပေးမှုစကားတွေလည်း ပြောသွားပါတယ်”

မနေ့က ညနေပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး  ကာကွယ်ရေး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဒုဗိုလ်မှူးကြီး ဦးတင်ဝင်းက ဆန္ဒပြခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ မိကျောင်းကန်မြေယာတွေဟာ မီးရထားဝန်ကြီးဌာနက ပိုင်ဆိုင်ကြောင်း၊ ဆန္ဒပြသူတွေအနေနဲ့ မြေဂရမ်ပြနိုင်မှ ပြန်လည်ရရှိမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြ ပြည်သူတွေလည်း သူတို့ဟာ ၁၉၇၁ခုနှစ်လောက်ကတည်းက အဲဒီ မိကျောင်းကန်မြေနေရာတွေမှာ နေထိုင်ခဲ့တဲ့အထောက်အထားတွေ ပြနိုင်ကြောင်းပြောပါတယ်။ ဒီနေ့အထိ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က တစုံတရာလာရောက်ညှိနှိုင်းတာတွေ မရှိသေးဘူးလို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။