ဆန္ဒပြပွဲခေါင်းဆောင် နှစ် ဦး ထောင် ၆ လ စီရင်ခံရ
2013.12.09

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း ၁၊ ၂၊ ၃ မြေနေ ရာတွေပြန်ပေးဖို့ ဦးဆောင်ဆန္ဒပြခဲ့ကြတဲ့ မိကျောင်းကန်သား ဦးစိန်သန်းနဲ့ ကိုထင်ကျော်တို့ကို ဒီနေ့ ကျောက်တံတားမြို့နယ် တရားရုံးက တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ကျောက်တံတားမြို့နယ်က ချမှတ်တဲ့ပြစ်ဒဏ်ကို တခြားပြစ်ဒဏ်တွေနဲ့ သီးခြားစီ ကျခံသွားရမှာတယ်လို့ ဦးစိန်သန်းရဲ့သမီး မိကျောင်းကန်အရေး လက်ရှိ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူ မနေနွယ်သန်း က ပြောပါတယ်။
“မြို့တော်ခန်းမရှေ့မှာ ၅ ကြိမ်မြောက် ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့တဲ့အမှုနဲ့ ဦးထင်ကျော်နဲ့ ဦးစိန်သန်း နှစ်ဦးကို ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၆ လ သီးခြားကျခံစေဆိုပြီး ချလိုက်တာပါ”
အသိမ်းခံထားရတဲ့ သူတို့ရဲ့ မိကျောင်းကန် မြေနေရာတွေ ပြန်ပေးဖို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လက တရားမဝင် ဆန္ဒပြခဲ့တာကြောင့် ဦးစိန်သန်းကို သင်္ဃန်းကျွန်းမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ပါသေးတယ်။
ဒီကနေ့မှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းဖြိုခွင်းခံရတဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးအနီးမှာ တရုတ်နိုင်ငံအလံကို မီးရှို့ခဲ့သူ ပြည်သူ့အကျိုးဆောင်ကွန်ရက်က နော်အုန်းလှကို ဒဂုံမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
အစိုးရဖက်က သက်သေမရှိသေးတာကြောင့် နော်အုန်းလှအပါအဝင် အဲဒီနေ့ကဆန္ဒပြလို့ အဖမ်းခံထားရသူတချို့ကို မနက်ဖြန်ကျမှ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။