မိကျောင်းကန် သပိတ်စခန်း ရုပ်သိမ်း


2013.12.12
mechaungkan-305.jpg ဘိုင်းဘွားပိုင်မြေတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က သပိတ် စခန်းဖွင့်ကြတဲ့ မိချောင်းကန် မူလမြေပိုင်ရှင်များကို မြင်ရစဉ်
photo: RFA/ Kyaw Lwin Oo

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊၂၊၃) မြေနေရာပြန်ရဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေဟာ ၃ လအတွင်း မြေယာကိစ္စကို ကြိုးစားဖြေရှင်းပေးမယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကတိပေးခဲ့တာကြောင့် ဒီနေ့သပိတ်စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနဲ့ ဆွေးနွေးအပြီးမှာ သဘောတူညီမှုရခဲ့ပြီး ၃ လစောင့်မယ်လို့ ကတိပြုခဲ့ကြောင်း သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့သူ မနေနွယ်သန်းက ပြောပါတယ်။

“ဦးအောင်သိန်းလင်းကနေပြီးတော့ ဆက်ပြီးတော့ တင်ပြဆွေးနွေးဆောင်ရွက်နေပါမယ်ဆိုတဲ့ သူ့ရဲ့လက်မှတ်နဲ့ ကျမတို့ပြည်သူတွေကို တရားဝင်ချပြတယ်၊ သူကိုယ်တိုင်လည်း တရားဝင်ဖွင့်ပြသွားတယ်၊ သူပြောတဲ့အထဲမှာ ပြည့်စုံတဲ့အချက်တွေတော့ မရှိသေးဘူးရှင့်၊ ခေါင်းဆောင်ပိုင်းအနေနဲ့ ဦးအောင်သိန်းလင်းတို့နဲ့ ဒီရက်ပိုင်းအတောအတွင်းမှာ တွေ့ဆုံဆွေးနွေးပြီး လိုအပ်တဲ့အချက်တွေ ထပ်ဖြည့်ပါဦးမယ်၊ သပိတ်စခန်းကို ခတ္တရပ်လိုက်တာပါ၊ နောက်သုံးလ အချိန်ပေးထားပါတယ်၊ အဲသုံးလအတွင်းမှာ လုပ်ဆောင်မှု တစ်စုံတစ်ရာမရှိဘူး၊ သူတို့ဘက်က အဖြေတစ်ခု မထွက်လာဘူး ဆိုလို့ရှိရင် တတိယသပိတ်ကြီးကို ဆက်ပြီးတော့ တောင်းဆိုမှုတွေဖြစ်လာလိမ့်မယ်လို့ ကြေညာလိုက် ပါတယ်”

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့ စည်ပင်သာယာရေးအဖွဲ့က အဲဒီ မိကျောင်းကန် သပိတ်စခန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းပေးရမယ်လို့ သတိပေးစာထုတ်ပြန်ခဲ့ပေမယ့် အချိန်ကာလတစ်ခုအတွင်း မြေနေရာကိစ္စကို ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိစာချုပ်ကို လက်မှတ်ရေးထိုးပေးမှ ဖယ်ပေးနိုင်မယ်လို့ ဆန္ဒပြသူတွေဘက်က တောင်းဆိုခဲ့တာပါ။

အဲဒီ မိကျောင်းကန် သပိတ်စခန်းဟာ ၁၇ ရက်ကြာ ဖွင့်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်မြောက် သပိတ်စခန်းဖွင့် ဆန္ဒပြတာလည်းဖြစ်ပါတယ်။

မိကျောင်းကန် မြေသိမ်းခံရတဲ့ထဲမှာပါဝင်ပြီး ဆန္ဒပြရာမှာဦးဆောင်သူ ဦးစိန်သန်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။