မန္တလေးသံဃာတွေ ဆက်လက်ဆန္ဒပြ
2012.12.13

သံဃာတွေရဲ့ တောင်းဆိုချက်တွေကို အကောင်အထည်မဖော်ပေးဘူးဆိုရင် ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုကော်မတီဝင် ဘဝအလင်းဆရာတော် ဦးသောဘိတက RFA ကို မိန့်ကြားပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ သံဃာတော်တွေ ဆက်လက်မပါဝင်နိုင်အောင် အာဏာပိုင်တွေဖက်က ဘုန်းတော်ကြီး ကျောင်းတိုက် ဆရာတော်တွေကတဆင့် ဖိအားပေးတားဆီးတာတွေ ရှိနေပြီး၊ ဦးဆောင်ဆန္ဒပြမယ့် လူထု အဖွဲ့အစည်းတွေကိုလည်း ဖမ်းဆီးဖို့ အစီအစဉ်တွေ ရှိနေတယ်ဆိုတဲ့ ကောလဟာလအသံတွေကြောင့် ဒီကနေ့မှာ ဆန္ဒပြသံဃာတော်တွေနဲ့ လူထုပရိသတ် အင်အားနည်းပါးခဲ့တယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။
ဒီကနေ့ ဆန္ဒဖော်ထုတ်ပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဂဠုန်နီဆရာတော် ဦးကာဝိယ၊ ရေတော်တိုက် အနန္တဂုဏ်ရည် ကျောင်းဆရာတော် ဦးဝိသုတစာရ၊ အမရပူရမြို့ မဟာဂန္ဒာရုံ ဘဝအလင်း ဆရာတော်ဦးသောဘိတတို့က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။
အထက်ဗမာပြည်ဗကသများအဖွဲ့ချုပ် ကအဖွဲ့ဝင်တွေ၊မန္တလေး၈၈မျိုးဆက် ကျောင်းသားအဖွဲ့နဲ့ ဒီမိုကရေစီရေးစဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့(၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေး)တွေ အားဖြည့် ပါဝင်ခဲ့ပါတယ်။
ဦးပွားဘုရားဝင်းကို အာဏာပိုင်တွေက ဒီနေ့မှာလည်း သော့ပိတ်ထားတဲ့အတွက် သံဃာတော်တွေဟာ ဘုရားဝင်း ပြင်ပမုခ်ဦးရှေ့မှာ စုဝေးခဲ့ကြပြီး ဦးဆောင်ဆရာတော်တွေက လက်ရှိအနေအထားနဲ့ပတ်သက်ပြီး သြဝါဒစကားမိန့်ကြားခဲ့ကြပါတယ်။ အဲဒီနောက် မေတ္တာသုတ်ရွတ်ဖတ်ပြီး နေ့လည်(၂)နာရီလောက်မှာဆန္ဒဖော်ထုတ်မှုကို အဆုံးသတ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကြေးနီတောင်စီမံကိန်းက ရွာသူရွာသားတွေဟာ အာဏာပိုင်တွေ တားမြစ်ထားပေမယ့် သပိတ်စခန်းတစ်ခုကို ဒီကနေ့ ထပ်မံဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်။