အိုးဘိုထောင် အချုပ်သားသေဆုံးမှုအတွက် ရဲတပ်ဖွဲ့က တရားစွဲမည်


2019.08.14
htun-myint-win-622 မန္တလေး အိုးဘိုထောင်ထဲမှာ သေဆုံးခဲ့တဲ့ ကိုထွန်းမြင့်ဝင်းရဲ့ ရုပ်အလောင်းကို မိသားစုဝင်များက ၂၀၁၉၊ ဇွန် ၆ ရက်နေ့က သယ်ဆောင်လာကြစဉ်
Photo: San Nyein Oo

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရစဉ်အတွင်း အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း သေဆုံးခဲ့တဲ့ကိစ္စကို လူသတ်မှုအဖြစ် ပြောင်းလဲအမှုဖွင့်ဖို့ ရဲတပ်ဖွဲ့က စီစဉ်နေတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဦးစီးအရာရှိ ဒုတိယရဲမှူးကြီး မျိုးအောင်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ဖျက်သိမ်းဖို့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုထွန်းမြင့်ဝင်းဟာ သုံးရက်အကြာမှာ သေဆုံးခဲ့တာပါ။

အရက်ကြောင်ပြီး သေဆုံးတာလို့ မန္တလေးထောင် တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပေမယ့်၊ အလောင်းမှာ ဒဏ်ရာတွေ တွေ့ရတဲ့အတွက် အမှုမှန်ဖော်ထုတ်ပေးဖို့ ကိုထွန်းမြင့်ဝင်းရဲ့ မိသားစုဝင်တွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

လူသတ်မှုနဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အိုးဘိုထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းကို RFA က မေးမြန်းရာမှာ… ရဲတပ်ဖွဲ့က သူတို့ကို စစ်ဆေးတယ်လို့သာ ပြောဆိုပြီး ကျန်တာတွေကို မေးမြန်းခွင့်မရဘဲ ဖုန်းချသွားပါတယ်။

Eleven မီဒီယာ သတင်းတပုဒ်မှာတော့… ကိုထွန်းမြင့်ဝင်းဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ အကျဉ်းသားတဦးကို စနောက်ခဲ့တာကြောင့် အဲဒီအကျဉ်းသားက ရိုက်နှက်တဲ့အတွက် သေဆုံးသွားကြောင်း ကိုယ်တိုင်ဝန်ခံထားပြီး ပုဒ်မ ၃ဝ၂ နဲ့ တရားစွဲဆိုဖို့ လုပ်နေတယ်လို့ ထောင်ပိုင်ကြီး ဦးချိုဝင်းထွန်းက ဖြေကြားထားပါတယ်။

အခုလို အမှုပြောင်းလဲဖွင့်လှစ်မယ့်ကိစ္စ မိသားစုကို အကြောင်းကြားတာ မရှိဘူးလို့ ကိုထွန်းမြင့်ဝင်းရဲ့ အစ်ကိုတော်စပ်သူ ဆရာတော် ဦးဝိမလက မိန့်ပါတယ်။

ကိုထွန်းမြင့်ဝင်း သေဆုံးခဲ့တဲ့ကိစ္စကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုအဖွဲ့က ဦးသိန်းအောင်မြင့်ကတော့… အချုပ်ဆောင်မှာရှိတဲ့ အချုပ်သားက စနောက်တယ် ဆိုတာမဖြစ်နိုင်ဘဲ ဒီအဖြေကို သံသယဖြစ်မိတယ်လို့ ပြောပါတယ်။ ဒီသေဆုံးမှုကို လူ့အခွင့်ရေးကော်မရှင်အနေနဲ့ စစ်ဆေးသင့်တယ်လို့လည်း ကိုသိန်းအောင်မြင့်က အကြံပြုထားပါတယ်။

(RFA သတင်းထောက် ကျော်လွင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။