မန္တလေးထောင်ဝန်ထမ်း ခြောက်ဦးကို အကျဉ်းသားသေဆုံးမှုအတွက် အရေးယူ
2019.08.25

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရချိန် အောင်သပြေ ကျေးရွာသား ကိုထွန်းမြင့်ဝင်း သေဆုံးခဲ့တာဟာ အကျဉ်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာကြောင့်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တိုင်းဒေသကြီး ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်က ပြောကြားလိုက်တာဖြစ်ပါတယ်။
ကိုထွန်းမြင့်ဝင်းဟာ အကျဉ်းသား ကိုမြတ်ကိုဦးနဲ့ အိပ်ဆောင်အတွင်းမှာ ခိုက်ရန်ဖြစ်ပွားခဲ့တာကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူလို့ ရဲက သံသယရှိနေတဲ့ ကိုမြတ်ကိုဦးကလည်း အောင်မြေသာစံမြို့နယ် တရားရုံမှာ သြဂုတ်လ ၁၃ ရက်နေ့က ဝန်ခံထွက်ဆိုထားကြောင်း ရဲမှူးကြီး ကိုကိုလွင်က ပြောပါတယ်။
ကိုထွန်းမြင့်ဝင်း သေဆုံးမှုကို ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ခဲ့ကြောင်းနဲ့ ကိုမြတ်ကိုဦးကို လူသတ်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ နဲ့ တရားစွဲတင်ဖို့ ပြင်ဆင်နေကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒ့ါအပြင် အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေအနေနဲ့လည်း ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ အိပ်ဆောင်တာဝန်ခံ ဝန်ထမ်း ခြောက်ဦးကို ဌာနတွင်း စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ ပြင်ဆင်နေကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို ဖျက်သိမ်းဖို့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ကိုထွန်းမြင့်ဝင်းဟာ ဇွန်လ ၂ ရက်နေ့မှာ ဖမ်းဆီးခံရပြီး သုံးရက်အကြာမှာ သေဆုံးခဲ့တာပါဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)