ဘိလပ်မြေစက်ရုံကို ကန့်ကွက်နေတဲ့ ရွာသားတွေကို ရဲဝင်ရောက်ဖမ်းဆီး

ခေမဏီဝင်း
2020.03.25

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ကန့်ကွက်ပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့နောက် ဖမ်းဝရမ်း ထုတ်ခံလိုက်ရတဲ့ အောင်သပြေကျေးရွာသားတွေကို မနေ့ညက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီလိုဖမ်းဆီးရာမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အောင်သပြေရွာသား ဦးရွှေအုန်း ခြေထောက်ကို ကျည်ဆံထိမှန်ခဲ့တဲ့ အပြင် ရွာသား ၁၀ ယောက်ကျော်ကို ဖမ်းဆီးသွားတယ်လို့ အောင်သပြေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။

ညဦးပိုင်းတစ်ကြိမ်နဲ့ မနက်ပိုင်းမှာ တစ်ကြိမ် နှစ်ကြိမ်ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး မနက်ပိုင်း ဖမ်းဆီးချိန် မှာတော့ ရွာသားတွေကို ဖမ်းမိခဲ့တာလို့လည်း ဦးခင်မောင်လွင်က RFA ကို ပြောပါတယ်။

“ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ ကလေး ငါးယောက်လောက်ပါတယ်။ အဲဒီကလေးတွေကို ပြန်လွှတ်ပေးမယ်၊ ဆယ်အိမ်ခေါင်းတွေနဲ့အတူလာပါဆိုလို့ အခု ပုသိမ်ကြီးရဲစခန်းကိုသွားနေတယ်"

ဒေသခံရွာသား ဦးရွှေအုန်းကို မဖမ်းဆီးခင်အချိန်မှာ RFA က အဆက်ဆက်သွယ် ရရှိခဲ့ပါတယ်။

“ကုမ္ပဏီထဲကသူတွေနဲ့ ဝိုင်းတာပါဗျ၊ ဝိုင်းထားတယ်။ မတရားအမှုဆင်ပြီးဖမ်းတာပါ၊ လူတွေက စုကုန်ပြီ၊ ကျနော့် ခြေထောက်တော့ ကျဉ်နေပြီ၊ သေနတ်နဲ့အပစ်ခံရတယ်"

ဖမ်းဆီးရာမှာ သေနတ် လေးချက်ခန့်ပစ်ဖောက်ခဲ့ပြီး ရွာသားတချို့က ကျောက်ခဲ၊ လေးဂွတွေနဲ့ ပစ်ပေါက်ခဲ့တာ ကြောင့် ရဲတပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာအနည်းငယ်ရခဲ့တဲ့အတွက် ရွာသားတွေကို အမှုဖွင့် တရားစွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ် ရဲစခန်းကို မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ အောင်သပြေရွာအနီးမှာ တည်ဆောက်တာကို မကျေနပ်တဲ့ ရွာသားတွေဟာ ဆန္ဒပြကန့်ကွက်တာတွေ၊ ကန့်ကွက်စာကို အစိုးရထံ ပေးပို့တောင်းဆိုတာတွေ အပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကန့်ကွက်မှုတွေလည်း ရှိခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေ စိုးရိမ်နေကြတဲ့အချိန် အခုလိုဖြေရှင်းတာက မဖြစ်သင့်ဘူးလို့ မန္တလေးမြို့က နိုင်ငံရေးလှုပ်ရှားသူ ဦးသိန်းအောင်မြင့်က ပြောပါတယ်။

“ကပ်ရောဂါဖြစ်နေတယ်။ တစ်နိုင်ငံလုံးက ပြည်သူတွေ စိုးရိမ်နေတယ်။ အဲဒီအချိန်မှာ အောင်သပြေရွာသား တွေကို သေနတ်နဲ့ ပစ်ဖမ်းတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စ၊ ဒေသခံတွေက သူ့တို့မြေတွေရဖို့ ကြိုးစားနေကြတာ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ လျစ်လျူရှုထားခဲ့လို့ မကြီးထွားသင့်ဘဲ ကြီးထွားလာတာ၊ ဒါကို ထောက်ပြ နေရတာ"

ဒီလိုပဋိပက္ခတွေကြောင့် အရင်နှစ်က ဖမ်းမိထားတဲ့ ရွာသား ကိုးယောက်ဟာလည်း အိုဘိုထောင်အတွင်းကနေ အမှုရင်ဆိုင်နေကြရတဲ့အပြင် တချိုပုဒ်မတွေကိုတော့ တရားရုံးက ထောင်ဒဏ်တွေ အသီးသီးချမှတ်ထားပါတယ်။

အဲဒီဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းဟာ တရုတ်-မြန်မာ ပုဂ္ဂလိက အကျိုးတူတည်ဆောက်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပြီး တစ်နေ့ကို တန် ၅၀၀၀ ထွက်ရှိမှာဖြစ်ပါတယ်။ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာအနီးမှာ အကောင်အထည်ဖော်နေတာပါ။

ဒီလိုဖြေရှင်းမှုနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက်  မန္တလေးတိုင်း ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။