ပုသိမ်ကြီးမြို့နယ် အောင်သပြေရွာသားငါးဦးကို ထောင်ဒဏ်ချမှတ်
2020.03.20
ကျေးရွာအနီးမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံနဲ့ စက်ရုံပိုင်ယာဉ်တချို့ကို မီးရှို့တယ်ဆိုပြီး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ ရွာသား ငါးယောက်ကို ထောင်ဒဏ် ငါးနှစ် တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလ ၁၅ ရက်နေ့က ကျေးရွာဒေသခံတွေ၊ ရဲတပ်ဖွဲ့နဲ့ စက်ရုံတာဝန်ရှိသူတွေကြား ပဋိပက္ခ ဖြစ်ခဲ့အပြီးမှာ ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဟန်ဇော်လင်းက ပုဒ်မ ၄၃၆ /၁၁၄ (ပေါက်ကွဲစေတတ်တဲ့အရာနဲ့ အကျိုးဖျက်စီးမှု့) ၊ပုဒ်မ ၄၄၀/၁၁၄ (ပြင်ဆင်ပြီး အကျိုးဖျက်စီးမှု) တို့နဲ့ ရွာသားတွေကို တရားစွဲဆိုခဲ့တာပါ။
အခုလို တရားစွဲဆိုခံရတဲ့အထဲမှာ ကျေးရွာ ရာအိမ်မှူးဖြစ်တဲ့ ကိုမိုးလင်းလည်း ပါဝင်ပါတယ်။
“ရာအိမ်မှုးတစ်ယောက်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာ ပြောတာကို ဖမ်းဆီးအမိန့်ချလိုက်ပါတယ်”
တရားရုံးတွေက ၂၀၁၅ ခုနှစ်က ပြဌာန်းထားတဲ့ သက်သေခံ ဥပဒေကို တသွေမတိမ်းလိုက်နာဖို့ တာဝန်ရှိတယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးစည်သူက ပြောပါတယ်။
“စီစီတီဗွီမှတ်တမ်းက ဘယ်ကနေ ကူးယူလာတာလဲ၊ ဒုတိယ သက်သေဖြစ်သွားပြီ၊ ဒီကနေ ထုတ်ထားတဲ့ ရုပ်သံမှတ်တမ်းတွေက ဘာဖြစ်သွားမလဲ၊ ဒါတွေကို စဉ်းစားဖို့လိုတယ်၊ ရုပ်သံတွေက ဝေဝါးနေတယ်။ ပေါ်လွင်မှု့မရှိရင် အပြစ်ပေးလို့ရမလား”
ဒီကနေ့ ရုံးချိန်းကို ဒေသခံ ကျေးရွာသူ၊ ကျေးရွာသား ၅၀ လောက်က ရွာသား ငါးဦးကို လာရောက်ဝန်းရံ အားပေးခဲ့ပါတယ်။
ပဋိပက္ခဖြစ်စဉ်မှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးခံရပြီး အိုးဘိုအကျဉ်းထောင်အတွင်းမှာ သေဆုံးသွားခဲ့တဲ့ ရွာသား ကိုထွန်းမြင့်ဝင်းရဲ့ ညီမဖြစ်သူ မအေးအေးမြင့်က စစ်ဆေးမှုတွေမှာ ကုမ္ပဏီဘက်ကို ဘက်လိုက်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။
“ညီမ အကို သတ်တော့ရော ဒီလိုလုပ်ကြလား၊ ဥပဒေကို ဖင်ခုထိုင်ထားကြတာ၊ ထောင်ထဲမှာ ရက်ရက်စက်စက် အနိုင်ကျင့်သတ်ကြတာ၊ ဒါကျ ဖော်မပေးကြဘူး၊ ပါတဲ့သူက တခြား ၊ မပါတဲ့သူက တခြား”
အခုအမိန့်ချခံထားရသူတွေဟာ တာဝန်ဝတ္တရား နှောက်ယှက်မှုတွေနဲ့လည်း တရားစွဲဆိုခံထားရပြီး အဲဒီအမှုကို လာမယ့် ဧပြီလ ၃ ရက်နေ့မှာ အမိန့်ချသွားမယ်လို့ သိရပါတယ်။
လတ်တလောမှာ အိုးဘိုအကျဉ်းထောင်အတွင်းကနေ တရားရင်ဆိုင်နေရတဲ့သူ ကိုးယောက်ရှိပြီး တရားခံပြေး ဖြစ်သွားတဲ့ ရွာသား အရေအတွက်ကတော့ ၃၃ ယောက်ရှိတယ်လို့ ရှေ့နေတွေကပြောပါတယ်။
အမှုရင်ဆိုင်နေရတဲ့သူတွေက တရားစွဲထားတာတွေဟာ မတရား စွပ်စွဲချက်တွေဖြစ်တယ်ဆိုပြီး ဒီနေ့ ကစတင်ပြီး တရားရုံးကို သပိတ်မှောက်တဲ့အနေနဲ့ တရားခွင်မှာ ခုခံဖြေရှင်းတာတွေ မပြုလုပ်တော့ကြောင်း ပြောပါတယ်။
ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံဟာ တရုတ်မြန်မာ ပုဂ္ဂလိက အကျိုးတူလုပ်ငန်းဖြစ်ပြီး တစ်နေ့ကို တန် ၅၀၀၀ ထုတ်လုပ်မယ့် စီမံကိန်းဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာ ရုံးထုတ်စစ်ဆေးသူတွေကို ခါတိုင်းလို ရဲစခန်းကနေ တရားရုံးကိုလမ်းလျှောက် ထွက်ခိုင်းတာမဟုတ်ပဲ အချုပ်ကားကို တရားရုံးအပေါက်ဝ ကားဝင်လို့ရတဲ့နေရာအထိ ဝင်ခဲ့တာဖြစ်ပါတယ်။
တရားစွဲဆို အမိန့်ချခံရသူတွေဟာ တလွဲချခံခဲ့ရတယ်ဆိုပြီး ရွာသူ ရွာသားတွေက အော်ဟစ် ဆန္ဒပြခဲ့ကြပါတယ်။