မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေ မှာ နေအိမ်မီးရှို့ဖျက်ဆီးမှု ဖြစ်ပွား
2013.03.24
မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ဖျက်ဆီးမှုတချို့ ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အနော်ရထာရပ်ကွက်မှာ ဗလီတစ်ခုအပါအဝင် အိမ်ငါးလုံး ဖျက်ဆီးခံရတဲ့အတွက် နေပြည်တော်က ရဲတပ်ဖွဲ့တွေကိုပါခေါ်ယူပြီး အခြေအနေကို ထိန်းသိမ်းနေရတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ရဲအရာရှိတစ်ဦးက RFA ကို ပြောကြားပါတယ်။
"ဒီနေ့ည သူတို့လာဖျက်စီးလို့ ဗလီတစ်လုံးအပါအဝင် အိမ်လေးငါးခြောက်လုံးပါသွားတယ်။အခုတော့ သက်ဆိုင်ရာလူကြီးတွေ ဝိုင်းဝန်းထိန်းသိမ်းလို့ ငြိမ်သွားပါပြီ၊ ရဲတပ်ရင်းတော့ မဟုတ်ဘူးပေါ့၊ နေပြည်တော်ဘက်က ရဲတပ်ဖွဲ့ဝင်တွေ တော်တော်များများလာကြပါတယ်"
မနေ့ညကပဲ အမည်မသိ လူအုပ်စုတွေက ရွာသစ်ကြီးကျေးရွာ အနော်ရထာရပ်ကွက်၊ မြဝတီရပ်ကွက်နဲ့ ဗိုလ်မင်းရောင်ရပ်ကွက်တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်သွားခဲ့တယ်လို့ တပ်ကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် အရာရှိတစ်ဦးက ပြောပါတယ်။
"လုံခြုံရေးရောက်သွားတဲ့နေရာဆို သူတို့က ထွက်ပြေးတယ်၊ ဟိုဘက်ဝိုင်းလိုက်၊ ဒီဘက်ဝိုင်းလိုက် အဲ့လိုဖြစ်နေတာ၊ အနော်ရထာရယ်၊ မြဝတီရယ်၊ ဗိုလ်မင်းရောင်ရယ် ဒါလောက်ပဲ"
ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသည်ကုန်းကျေးရွာမှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက်လာပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာရှိတဲ့အတွက် နယ်မြေခံ စစ်တပ်အကူအညီနဲ့ သွားရောက် ထိန်းသိမ်းနေတယ်လို့ သာယာဝတီခရိုင်ရဲတပ်ဖွဲ့အရာရှိတဦးက RFA ကိုပြောပါတယ်။
"ကျျတော်သိသလောက်ကတော့ သူတို့ဆီမှာသွားတာ အရပ်သားတွေက နည်းနည်းစုနေလို့ ကျတော်တို့ဆီကနေ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ်တွေ အင်အားနဲ့ သွားဖြေရှင်းလိုက်တော့ ပြီးသွားပါပြီခင်ဗျ၊ ဘာမှမဖြစ်တော့ပါဘူး"
မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ စနေ့နေ့ ညက ဖြစ်ပွါးခဲ့တဲ့ ဆူပူမငြိမ်မသက်မှု သတင်းတွေဖြစ်ပါတယ်။