မန္တလေးစည်ပင်အသစ်တွေ ခန့်အပ်တော့မည်


2016.12.31
mcdc-620.jpg မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အဦးကို တွေ့ရစဉ်။
Photo: RFA

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အသစ်တွေကို လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ ခန့်အပ်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်တင်မိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က မန္တလေးစည်ပင်ရွေးကောက်ပွဲ ကျင်းပပြီးနောက် စည်ပင်ကော်မတီ အသစ်တွေကို ၃ လကျော်အကြာမှာ ခန့်အပ်နိုင်တာဖြစ်ပါတယ်။ အဲဒီလို ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး ဦးဇော်တင်မိုးက အခုလိုပြောပါတယ်။

" ၆ ရက်နေ့ကို ခန့်ဖို့ စီစဉ်ထားပါတယ်။ ဘာကြောင့်ကြန့်ကြာရလဲဆိုတော့ ကန့်ကွက်တာတွေ ရှိတယ်လေ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အနိုင်ရတဲ့သူကို ရှုံးတဲ့သူတွေက ကန့်ကွက်တော့ အဲဒါတွေစိစစ်ရတာက ၁ လကျော်လောက်ကြာတယ်၊ သက်သေတွေ ခေါ်စစ်ရတာ၊ ပြည်ကြီးတံခွန်က မဲအများဆုံးရတဲ့ ဦးစောဟန်ကို ကျန်တဲ့ ၃ ယောက်ကနေ ကန့်ကွက်တာတွေရှိတယ်၊ အဲ့ဒါကို စည်ပင်ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ စိစစ်ရတာတွေရှိတာကြောင့်ပါ"

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အသစ်တွေ ခန့်အပ်နိုင်ဖို့ စည်ပင်သာယာရေး ကော်မတီ ဝင် ရွေးကောက်ပွဲကို စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် ၆ မြို့နယ်ဖြစ်တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့နယ်တွေမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ စည်ပင်သာယာရေးကော်မတီဝင် ၆ ဦးနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်မယ့် ပညာရှင် ၅ ဦးကို ရွေးကောက်ပွဲလုပ်ပြီး ၃ လကျော်အကြာ လာမယ့် ဇန်နဝါရီလ ၆ ရက်နေ့မှာ အတည်ပြုခန့်အပ်သွားမှာဖြစ်ပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေကို  ပြင်ဆင်တဲ့ ဥပဒေအရ ဇူလိုင်လ ၇ ရက်နေ့မှာ ကော်မတီမှာ တာဝန်ထမ်းဆောင်နေတဲ့ ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်ခံရသူ ၆ ဦးနဲ့ အစိုးရကတိုက်ရိုက်ခန့်အပ်သူ ၅ ဦးတို့ကို တာဝန်ကနေရပ်နားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။