မန္တလေးစည်ပင် ၁၁ ဦး ခန့်အပ်


2017.01.06
mdcd-620.jpg ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မန္တလေး စည်ပင်သာယာရေးကော်မတီဝင်တွေကို ဇန်နဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Mandalay City Development Committee

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနယ်နိမိတ် ၆ မြို့နယ်ကနေ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ စည်ပင်သာယာရေးကော်မတီဝင် ၆ ဦးနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်တဲ့ပညာရှင် ၅ ဦး စုစုပေါင်း ၁၁ ဦးတို့ကို ကော်မတီဝင်တွေအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေမှာ အတည်ပြုခန့်အပ်လိုက်ပါတယ်။

ကော်မတီဝင်အဖြစ် ခန့်အပ်ခံရတဲ့ မန္တလေးမြို့ခံ စာရေးဆရာ ဆရာကျော်ရင်မြင့် က သူ့အနေနဲ့ စည်ပင်မှာ အခုလို ကော်မတီဝင်တစ်ဦးအနေနဲ့ ပါဝင်လုပ်ဆောင်ခွင့်ရလို့ မြို့အကျိုးအတွက် တိုးတက်ပြောင်းလဲအောင် အပြည့်အဝ လုပ်ဆောင်ရွက်ခွင့်ရမယ်လို့ ယုံကြည်တယ်လို့ပြောပါတယ်။

"တာဝန်ကတော့ တရားဝင်ဘာမှမခွဲရသေးပါဘူး၊ ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုတာပဲ လုပ်ရပါသေးတယ်၊ အခုက အစိုးရသစ်ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရော၊ မြို့တော်ဝန် ဒေါက်တာရဲလွင်ရော၊ သူတို့တွေက တကယ်ကို မြို့ကောင်းကျိုးအတွက် တက်တက်ကြွကြွ လုပ်ချင်တဲ့ဆန္ဒတွေမြင်နေရတယ်၊ ဒီလိုလုပ်ချင်နေတဲ့အချိန်မျိုးမှာ ဒီလိုလုပ်ခွင့်ရတဲ့အတွက်ကြောင့်မို့လို့ အဲဒီအင်အားနဲ့ အများကြီး တိုးတက်ပြောင်းလဲအောင် လုပ်လို့ရမယ်လို့ ယုံကြည်ပါတယ်"

ဒီနေ့ခန့်အပ်တဲ့ ကော်မတီဝင်တွေကြီးကြပ်ရမယ့် စည်ပင်သာယာရေးဌာနတွေကိုတော့ လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့မှာသာ ခွဲဝေပေးသွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ခန့်အပ်တဲ့ ပညာရှင် ၅ ဦးက ဦးအောင်ကျော်ထွန်း(ဥပဒေ) ဒေါ်မြင့်မြင့်သန်း(အင်ဂျင်နီယာ)၊ ဦးသစ်ဆင်း(ဆရာဝန်)၊ ဦးကျော်ဆန်းမြင့်(ခ) ကျော်ရင်မြင့်(စာရေးဆရာ) ဦးရဲမြတ်သူ ( အိုင်တီပညာရှင်) တို့ဖြစ်ကြပါတယ်။

အစိုးရက တိုက်ရိုက်ခန့်အပ်တဲ့ကော်မတီဝင် ၅ ဦးထဲက ဦးအောင်ကျော်ထွန်း(ဥပဒေပညာရှင်)ကို အတွင်းရေးမှူးကို ရွေးချယ်ခန့်အပ်ခဲ့ပြီး စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယမြို့တော်ဝန်ကိုတော့ ရွေးကောက်တင်မြှောက်ခံရတဲ့ ကော်မတီဝင် ၆ ဦးထဲက ထပ်မံရွေးချယ်သွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။