အမေရိကန်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် မြန်မာ လွှတ်တော်ဥက္ကဋ္ဌတွေ့ဆုံ

အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဒီကနေ့ ဇွန်လ ၁ ရက် မနက်ပိုင်းမှာ ပျဉ်းမနား နေပြည်တော်ကို ရောက်ရှိသွားပြီး ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့ကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပါတယ်။

2011.06.01
senator_mccain_305_z.png အမေရိကန် ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် အထက်လွှတ်တော် အမတ် ဂျွန် မက်ကိန်း။ (Photo: AFP)
(Photo: AFP)

အဲဒီတွေ့ဆုံပွဲမှာ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူထားတဲ့ ကိစ္စနဲ့ နှစ်နိုင်ငံ လွှတ်တော် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ အစိုးရရဲ့ကတိကဝတ်ဆိုင်ရာ စိစစ်ရေး ကော်မတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော်အမတ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ လွှတ်တော်က ခုမှ လုပ်နေစပေါ့ဗျာ။ ဟို အမေရိကန် ဖွဲ့စည်းပုံကိုလည်း ကျွန်တော်တို့ဖက်က ချီးကျူးတာလည်း ရှိတာပေါ့။ အထူးသဖြင့် လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တွေကို အတွေ့အကြုံကို ရှင်းပြဖို့ရယ်။ ဂျွန် မက်ကိန်း ရေးခဲ့တဲ့ Faith of My Fathers ဆိုတဲ့ စာအုပ်ကို ရေးခဲ့သလိုပဲ အတန်းတလျှောက် ရှေ့ဆုံး ပုဂ္ဂိုလ်မို့လို့ ဒီထက်ကို ဆီနိတ်တာဘဝနဲ့ ပတ်သက်တာလေး ရေးပေးပါ ဆိုတာ အဲဒါမျိုးတွေပေါ့ဗျာ။ Sanction နဲ့ ပတ်သက်လို့ ကျွန်တော်တို့ဖက်က ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ ကိစ္စလေးတွေကိုလည်း ပုဂ္ဂိုလ်တယောက်က မေးပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း သူလည်း ဖြေကြားသွားတာ ရှိပါတယ်။

ဒါအပြင် အမေရိကန်လွှတ်တော်ကို သွားရောက် လေ့လာဖို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ကိစ္စကိုလည်း ဂျွန်မက်ကိန်းက သဘောတူခဲ့တယ်လို့ ဒေါက်တာအေးမောင်က ဆိုပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေ အရ ဒု-သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့လည်း မစ္စတာ မက်ကိန်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန် ရန်ကုန်မြို့မှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ် ငါးဦးနဲ့ တွေ့ဆုံဖို့ရှိသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုလည်း မစ္စတာမက်ကိန်း သွားရောက် တွေ့ဆုံမှာ ဖြစ်ပါတယ်။

ပြည်သူလွှွတ်တော် ကိုယ်စားလှယ်တွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ပါတီတွေက ဂျွန်မက်ကိန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုတယ်လို့ ပြောကြပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က မေးမြန်း တင်ပြထားပါတယ်။

မေးမြန်းတင်ပြချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။