အမေရိကန်အထက်လွှတ်တော်အမတ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အချို့နဲ့တွေ့ဆုံ
2011.05.31

senjohnmccainblog
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB ရဲ့ အတွင်းရေးမှုးချုပ် ဒေါက်တာ နိုင်အောင်နဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တွဲဘက်အတွင်းရေးမှုး ကိုဘိုကြည် တို့ကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ အရေးကို အမြဲတမ်း စိတ်ဝင်စားနေတဲ့ မစ္စတာ ဂျွန်မက်ကိန်း အနေနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကိုယ်တိုင် သိလိုတဲ့အတွက် အခုလိုတွေ့ဆုံတာလို့ ဒေါက်တာနိုင်အောင်က RFA ကိုပြောပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေး အတွက် မြန်မာအစိုးရကို အရေးယူ ပိတ်ဆို့တဲ့နည်းရော ထိတွေ့ ဆက်ဆံတဲ့ နည်းပါ သုံးသင့်တဲ့ အကြောင်း ပြောဆိုလိုက်တယ်လို့လည်း ဒေါက်တာနိုင်အောင်က ဆိုပါတယ်။
"ကျနော်မြင်တာကတော့ US က ဒီအစိုးရသစ်ရဲ့ သဘောထားတွေ ဘာတွေ ကိုယ်တိုင်သိအောင် ကြိုးစားတဲ့ သဘောဘဲလို့ နားလည်တယ်။ နောက်ပြီးတော့ သူတို့ အမေရိကန်အစိုးရရဲ့ ပေါ်လစီကို သိအောင်ရှင်းတဲ့ သဘောလို့ နားလည်တယ်။ ကျနော်တို့ကတော့ ဒီအစိုးရတွေကို ပြောတဲ့အခါမှာ ဖိအားပေးတာရော ထိတွေ့ဆက်ဆံတာရော နှစ်ခူစလုံး သုံးသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေလို့၊ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေလို့၊ အကုန်လုံး ပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ မရှိနေလို့ ရင်းနှီးမြုပ်နှံမှုတွေ မလာတာကလည်း မြန်မာနိုင်ငံရဲ့ စီးပွါးရေး အခြေခံတွေ မကောင်းလို့၊ ဆိုတော့ အဲဒါတွေကို သူတို့ကို ထိတွေ့ပြီးမှ ရှင်းပြပြောပြ တိုက်တွန်း စည်းရုံးနေတာမျိုးက ကျနော်တို့က ကြိုဆိုပါတယ်။"
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP တွဲဘက် အတွင်းရေးမှုး ကိုဘိုကြည်ကတော့ အကျဉ်းထောင်ထဲက လက်ရှိ အခြေအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေ ကိစ္စကို ပြောလိုက်တယ်လို့ ပြောပါတယ်။
"ကျနော်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ အကြောင်း။ အင်းစိန်ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတာ၊ ကလေးထောင်တို့ ခန္တီးထောင်တို့မှာ အစာငတ်ခံဆန္ဒပြနေတဲ့ အကြောင်းတွေ၊ နောက်ပြီးတော့ အကျဉ်းထောင်တွေထဲမှာ ဒီလူတွေကို စားရေးသောက်ရေးနဲ့ ကျမ်းမာရေးအတွက် လုံလောက်တဲ့ ထောက်ပန့်မှုတွေ မရှိဘူး။
ICRC လို အပြည်ပြည်ဆိုင်ရာ အဖွဲ့တွေကိုလည်း သူတို့က လုပ်ပိုင်ခွင့် မပေးဘူး ဆိုတာတွေကို ကျနော်တို့ တင်ပြတာတွေ ရှိတယ်။
နောက်တခုက အခုလက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ တကယ်တန်း အပြောင်းအလဲအတွက်ကို လုပ်မယ်ဆိုလို့ရှိရင် ပထမဆုံးက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ဖို့လိုတယ် ဆိုတာကို ကျနော်တို့ ထပ်ပြီး ပြောပြတာတွေ ရှိတယ်။
နောက် sanction ရုပ်သိမ်းဖို့ ဦးသိန်းစိန် အစိုးရကရော ပြည်တွင်းက အမတ်တွေရော ကြိုးစားနေကြတာတွေ ရှိတယ်။ အဲဒီလို ကြိုးစားတယ်ဆိုရင်လည်း ပထမဆုံး အဆင့်အနေနဲ့က လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ဦးသိန်းစိန် အစိုးရဘက်က ရပ်ပေးဖို့ လိုတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့လိုတယ် ဆိုတာကို ကျနော်တို့ ပြောပြတာတွေ ရှိတယ်။"
မစ္စတာဂျွန်မက်ကိန်းဟာ မဲဆောက်မြို့က မယ်တော်ဆေးခန်းကိုလည်း သွားရောက်ပြီး လေ့လာခဲ့ပါတယ်။ မနက်ဖြန်မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။
အဲဒီခရီးစဉ်မှာ မြန်မာအစိုးရ အဖွဲ့ဝင်တချို့နဲ့တွေ့ဆုံမှာ ဖြစ်သလို၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ NLD အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီဝင်တွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က လူမှုရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကူညီပံ့ပိုးမှုတွေ အမြောက်အများ လိုအပ်နေဆဲဘဲလို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |