မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်က နေအိမ် ၁၀၀ ခန့် ကျူးကျော်ဆိုပြီး ဖယ်ရှားခံရ
2022.11.30

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အားကစားကွင်းဘေးမှာရှိတဲ့ လူဦးရေ သုံးရာဝန်းကျင် နေထိုင်ကြတဲ့ နေအိမ် ၁၀၀ လောက်ကို ကျူးကျော်အိမ်တွေဆိုပြီး နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တွေနဲ့ စည်ပင်ဝန်ထမ်းတွေ မြေတူးယာဉ် ဘူဒိုဇာတွေနဲ့ ဖျက်ဆီးဖယ်ရှားသွားတယ်လို့ မရမ်းကုန်းမြို့ခံတွေက ပြောပါတယ်။
မရမ်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှာ ၁၉၈၂ ခုနှစ်ကစပြီး နေထိုင်လာသူတွေရဲ့ နေအိမ်တွေကို အပြီးဖျက်သိမ်းပေးဖို့ အခု နိုဝင်ဘာလထဲမှာပဲ စစ်ကောင်စီခန့် မရမ်းကုန်းမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ စာထုတ်ပြန်ခဲ့တာပါ။
ဒီနေ့ မနက် ၆ နာရီခန့်မှာတော့ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်ဝန်ထမ်းတွေဟာ ရပ်ကွက်ထဲကို ရောက်ရှိလာပြီး မနက်က ၈ နာရီနောက်ဆုံး ထားပြီး ထွက်ခွာကြဖို့ အမိန့်ပေးခဲ့တယ်လို့ အမှတ် (၁) ရပ်ကွက်မှာ နေထိုင်သူ ကိုကျော်က RFA ကို ပြောပါတယ်။
“ဒီမနက် ၆ နာရီလောက်ကတည်းက ကားအစီး ၃၀၊ တစ်စီးကို လူအင်အား ၃၀ လောက်နဲ့ ရောက်လာတာ။ ၈ နာရီထိုးတာနဲ့ အပြီးဖယ်ခိုင်းတယ်။ စစ်သား၊ ရဲ၊ အင်္ကျီအပြာဝတ် လည်ဆွဲဝတ်ထားတဲ့ လူတွေပါတယ်။ ဘောလုံးကွင်းထဲ သွားနေရတယ်။ လမ်းပေါ် သွားနေရတယ်။ နောက်ကျတော့ အဲဒီနေရာတွေကပါ အကုန်ဖယ်ခိုင်းတယ်။ ကြိုးတားလိုက်တယ်။ ဘယ်သူမှ ဝင်လို့မရတော့ဘူး။ အခုတော့ အိမ်တွေကို ဘူဒိုဇာတွေနဲ့ ထိုးပစ်လိုက်ပြီ”
အခုလို ဖျက်ဆီးခံရတဲ့ နေရာဟာ ယခင်က ရပ်ကွက်ရဲ့အားကစားကွင်းလို့ သတ်မှတ်ထားတဲ့ ခြံစည်းရိုးရဲ့ ဘေးနားမှာ ပေ ၅၀ ကျော် လွတ်နေတဲ့နေရာမှာ ၁၉၈၂ ခုနှစ်ကစပြီး နေအိမ်တွေ ဆောက်လုပ်နေထိုင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ သူတို့ နေထိုင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အခုလိုမျိုး ဖျက်သိမ်းမယ်ဆိုပြီး နို့တစ်စာ လာတာမျိုး မကြုံဖူးသလို ဒီလိုမျိုး ကျူးကျော်ပါ ဆိုပြီးတော့ နို့တစ်စာ လာပေးတာ တစ်ခါမှ မကြုံဖူးဘူးလို့ မရမ်းကုန်း (၁) ရပ်ကွက် ဒေသခံတွေက ပြောပါတယ်။
အခုဖျက်သိမ်းခံရတဲ့ အမှတ် (၁) ရက်ကွက်နေရာဟာ ဒေါ်နှင်းဆီဆိုသူက အားကစားကွင်းအဖြစ် လှူဒါန်းခဲ့တဲ့နေရာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ စီးပွားရေးသမားတွေ တစ်ယောက်ပြီး တစ်ယောက်နာမည်တွေနဲ့ ရောင်းစားဖို့ ကြိုးစားနေတဲ့ နေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ကံသာဇေယျုံ ကျောင်းလမ်းက နေအိမ် ၁၅၀ လောက်ကို ကျူးကျော်အိမ်တွေဆိုပြီး စစ်ကောင်စီက ဖယ်ရှားခဲ့ပြီး ဖြစ်ပါတယ်။
ကျူးကျော်ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရားဥပဒေစိုးမိုးရေးအတွက် အဓိကထားလုပ်ဆောင်တာလို့ RFA ကို ပြီးခဲ့တဲ့ မတ်လက ပြောဆိုထားပါတယ်။
RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းတွေအရ ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ စစ်တပ်နဲ့ အစိုးရဌာနပိုင် မြေတွေကို ကျူးကျော်တယ်ဆိုပြီး အခုနိုဝင်ဘာလ အတွင်းမှာ နေအိမ်နဲ့ ဆိုင်ခန်းပေါင်း တစ်သောင်းကျော် ဖယ်ရှားဖို့ စစ်ကောင်စီက အမိန့်ထုတ်ခဲ့ပြီး အင်အားသုံး ဖယ်ရှားတာတွေ ဆက်တိုက် ပြုလုပ်နေတာကို တွေ့ရပါတယ်။