မောင်တောမြို့က စာသင်ကျောင်း တချို့ ပြန်လည်ဖွင့်လှစ်
2016.10.24

Photo: RFA
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေကို ဒီနေ့ စတင်ဖွင့်လှစ်ပေမယ့် လုံခြုံရေး အခြေအနေအရ မြို့နယ်အားလုံးက ကျောင်းတွေကို ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ က ပြောပါတယ်။
မောင်တောမြို့နယ်အတွင်းက ကျောင်းတွေကိုတော့ လုံခြုံစိတ်ချရတဲ့ အနေအထားပေါ်မူတည်ပြီး ဒီလကုန်လောက်မှ ဖွင့်လှစ်နိုင်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ပြောပါတယ်။
မောင်တောမြို့နယ်နဲ့ ရသေ့တောင်မြို့တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲကင်းတွေ တိုက်ခိုက်ခံခဲ့ရတာကြောင့် မောင်တောခရိုင်အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေအားလုံးကို အောက်တိုဘာ ၁၀ ရက်နေ့ကစတင်ပြီး ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။
မောင်တောမြို့နယ်မှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေကိုလည်း လုံခြုံစိတ်ချရတဲ့ တိုင်းရင်းသားကျေးရွာတွေမှာ သာ တာဝန်ချထားပေးမှာဖြစ်ပြီး ကျန်တဲ့ကျေးရွာတွေမှာ ဆရာတွေကိုသာ ဦးစားပေးချထားပေးမှာဖြစ်တယ်လို့လည်း လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောပါတယ်။
ဒါ့အပြင် လုံခြုံရေးအရပိတ်ထားရမယ့်ကျောင်းတွေနဲ့ပတ်သက်ပြီး ကျောင်းသားတွေအတွက် စုရပ်တွေထားရှိပြီး သင်ကြားပေးသွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင် လာသူတချို့ဟာ မနေ့က စတင်ပြီး နေရပ်ကို ပြန်နေကြပြီဖြစ်ပါတယ်။
စစ်တွေမြို့ ဓညဝတီအားကစားကွင်းမှာ ခိုလှုံနေသူ ၈၇၀ ကျော်ထဲက လူဦးရေ ၄၀ ကျော်ဟာ မူလနေရပ်တွေဆီ ကို ပြန်သွားကြတာ ဖြစ်ပါတယ်။