မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့် အခမ်းအနား


2018.08.25
maungtaw-attack-anniversary-622 မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ရခိုင်အမျိုးသားပါတီ (ANP) က နှစ်ပတ်လည်အခမ်းအနားကို ၂၀၁၈၊ သြဂုတ် ၂၅ ရက်နေ့က ကျင်းပစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် ရခိုင်အမျိုးသားပါတီ (ANP) က စစ်တွေမြို့မှာ နှစ်ပတ်လည်အခမ်းအနား ဒီနေ့ကျင်းပခဲ့ပါတယ်။

အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် ရည်ရွယ်ပြီး လုပ်တာလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောပါတယ်။

အခမ်းအနားမှာ အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေအတွက် သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်း ကပ်လှူပြီး အမျှဝေခဲ့ကြသလို အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချတဲ့အကြောင်း ပြောခဲ့ကြပါတယ်။

အခမ်းအနားကို မြိုနဲ့ ခမီ တိုင်းရင်းသားအချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာရှိတဲ့ ရဲကင်းစခန်း ၃၀ ကျော်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက်သမားတွေက တိုက်ခိုက်ခဲ့တာကြောင့် တိုင်းရင်းသားတွေနဲ့ ဟိန္ဒူဘာသာဝင် ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့်အခမ်းအနားကို စစ်တွေမြို့မှာ ကျင်းပသလို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့ဆိုပြီး ဘင်္ဂလားဒေ့ရှ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ မွတ်စလင်တွေ နေရပ်ပြန်ရောက်ဖို့ နဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့ အခြေအနေတွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR၊ MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့၊ နိုင်ငံတကာ ကြက်ခြေနီအသင်း စတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကြေညာချက်တွေ ထုတ်ပြန်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။