ကုလလုံခြုံရေးကောင်စီခေါ်ဖို့ ၇ နိုင်ငံ တောင်းဆို


2017.09.23
unsc-622.jpg ၂ဝ၁၇ သြဂုတ်လ ၃ဝ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်စဉ်။
(UN Photo/Manuel Elias)

ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ အီဂျစ်၊ ကာဇက်စန်၊ ဆီနီဂေါနဲ့ ဆွီဒင် နိုင်ငံတို့က မြန်မာနိုင်ငံထဲမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ တောင်းဆိုလိုက်တယ်လို့ မနေ့ကထုတ်ဝေတဲ့ AFP သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီ ၇ နိုင်ငံက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲက မွတ်ဆလင်တွေကို စစ်တပ်က ရှင်းလင်းရေးလုပ်နေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူးတားရက်စ်ကို တောင်းဆိုလိုက် တာပါ။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ ရက်ကိုညှိနှိုင်းနေတယ်လို့ လုံခြုံရေးကောင်စီ ရဲ့အလှည့်ကျ ဥက္ကဌဖြစ်တဲ့ အီသီယိုပီးယားနိုင်ငံက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် ရိုဟင်ဂျာ ၄ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထဲ ထွက်ပြေးနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က မွတ်ဆလင်စစ်သွေးကြွတွေက ရခိုင်ပြည်နယ်ထဲက ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်က ခုလိုနယ်မြေရှင်းလင်းမှု စစ်ဆင်ရေးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ဆင်ရေးကို ကုလသမဂ္ဂက လူမျိုးစုရှင်းလင်းရေးလို့သုံးပြီး ပြင်သစ်သမ္မတ အီမန်နြူရယ် မက်ခရွန် ကတော့ လူမျိုးတုံးသတ်ဖြတ်မှုလို့ ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။