မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ရှိနေ

RFA Burmese
2022.12.20
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ရှိနေ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က ကျင်းပစဉ်။
UN Photo/Manuel Elías

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးဖို့ တိုက်တွန်းမယ့် ဆုံးဖြတ်ချက်မူကြမ်းအတွက် ဒီဇင်ဘာလ ၂၁ ရက်၊ မနက်ဖြန် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။

ဗြိတိန်က ဦးဆောင်ရေးဆွဲထားတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မူကြမ်းအပေါ် ဆွေးနွေး ညှိနှိုင်းမှုတွေဟာ ဒီနှစ် စက်တင်ဘာလကတည်းက စတင်ခဲ့တာပါ။

ကနဦးမူကြမ်းမှာ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ကုလက ပိတ်ဆို့အရေးယူဖို့ စတဲ့အချက်တွေ ပါဝင်ခဲ့ပေမယ့် ဒီအချက်တွေကို ပြန်ပြီးဖယ်ရှားခဲ့တယ် လို့ ရိုက်တာသတင်းဌာနရဲ့ ဒီဇင်ဘာလ ၂၀ ရက်၊ ဒီနေ့သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိဆုံးဖြတ်ချက်မူကြမ်းထဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံရဲ့ အရေးပေါ် အခြေအနေတွေအပေါ် အလွန်အမင်းစိုးရိမ်ကြောင်းနဲ့ မြန်မာပြည်သူတွေအပေါ် နက်နက် ရှိုင်းရှိုင်း သက်ရောက်မှုတွေရှိနေတာကို ပြောဆိုထားပါတယ်။

ဒီအပြင် အာဆီယံဘုံသဘောတူညီချက်တွေကို ချက်ချင်းအကောင်အထည်ဖော်ဖို့နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွား ရှေးရှုပြီး စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့ တိုက်တွန်းထားတဲ့အချက် တွေလည်း ပါဝင်တယ်။

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ဖို့ဆိုရင် ထောက်ခံမဲ ကိုးမဲ အနည်းဆုံး လိုအပ်တဲ့အပြင် ရုရုား၊ တရုတ်၊အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေက ဗီတိုအာဏာသုံးပြီး မပယ်ချဖို့လည်း လိုပါတယ်။

သံတမန်တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ စစ်ကောင်စီကို ရုရှားနဲ့ တရုတ်က ကာကွယ်ပေးဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် Vassily Nebenzia ကတော့ မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းကို ဆက်ပြီးဆွေးနွေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ လက်မခံနိုင်တဲ့အချက်တွေ ပါဝင်ရင် မြန်မာအာဏာပိုင်တွေက ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန်တွေကိုလည်း မေးမြန်းထား ပေမယ့် ဖြေကြားတာမရှိသေးဘူးလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။