စစ်တပ်ကို ထိထိရောက်ရောက် အရေးယူဖို့ လုံခြုံရေးကောင်စီကို ဦးကျော်မိုးထွန်း တိုက်တွန်း
2023.05.05

မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် လူမဆန်တဲ့ သတ်ဖြတ်မှုတွေအတွက် လုံခြုံရေးကောင်စီအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်ဖို့ အချိန်ကျရောက်ပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲတစ်ခုမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းတိုက်တွန်းလိုက်တာပါ။
မြန်မာစစ်တပ်ဟာ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်တွေကို လေးစားလိုက်နာမှုမရှိဘဲ မြန်မာပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၆ ကြိမ် ကျူးလွန်ခဲ့ပြီး ခြောက်လသားအရွယ် ကလေးငယ်အပါအဝင် လူပေါင်း ၂၀၀ နီးပါးကို အသက်ဆုံးရှုံးစေခဲ့တဲ့ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုက အကြီးမားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ဖို့ လုံခြုံရေးကောင်စီဆီက မြန်မာပြည်သူတွေ ဘာမျှော်လင့်လို့ ရမလဲလို့လည်း မေးခွန်းထုတ်လိုက်ပါတယ်။
မြန်မာပြည်သူတွေရဲ့ အသက်တွေ ထပ်မဆုံးရှုံးအောင် ပြတ်ပြတ်သားသား ကာကွယ်ပေးဖို့နဲ့ နိုင်ငံတကာရဲ့ အရေးယူမှုတွေ မရှိသရွေ့ မြန်မာစစ်တပ်ဟာ ပြည်သူတွေအပေါ် သတ်ဖြတ်နေတာတွေ ရပ်တန့်မှာ မဟုတ်ဘူးလို့ ထည့်သွင်းပြောခဲ့ပါတယ်။
ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပေါ် မြန်မာပြည်သူတွေ ယုံကြည်မှု အားနည်းလာနေပြီလို့ RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှာ လူပေါင်း ၂၀၀ နီးပါး သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ဧပြီ ၁၂ ရက်နေ့က တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့ပေမယ့် တရုတ်နိုင်ငံနဲ့ ရုရှားရဲ့ ကန့်ကွက်ချက်တွေကြောင့် ရှုတ်ချတဲ့ ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ပါဘူး။