ရခိုင် ပဋိပက္ခ နှစ်ပတ်လည်နေ့ လှုပ်ရှားကြေညာချက်တွေ ပေါ်ထွက်


2018.08.24
rohingya-camp-622.jpeg ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုကို တွေ့ရစဉ်
Photo: Reuters

ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းကျော် ထွက်ပြေးခဲ့ရတဲ့ ဆူပူ အကြမ်းဖက်မှု ပဋိပက္ခ တစ်နှစ်ပြည့်ကာလမှာ အဖွဲ့အစည်း အမြောက်အများက အခမ်းအနားတွေ ကျင်းပကြသလို ကြေညာချက်တွေထုတ်ပြန်ပြီး အဲဒီ သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပြောဆိုခဲ့ကြတဲ့အပြင် မြန်မာအစိုးရနဲ့ တပ်မတော် အပေါ် ပိုမိုဖိအားပေး အရေးယူဖို့ တောင်းဆိုနေကြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ထုတ်ပြန်ချက်မှာ မနှစ်က သြဂုတ်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နေရပ်က ထွက်ပြေးခဲ့ရတဲ့ အဲဒီ ဒုက္ခသည် ၇ သိန်းကျော်ဟာ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရပြီး တဝက်ကျော်က ကလေးသူငယ်တွေဖြစ်ကြောင်း၊ သူတို့အထဲက လူ ၂ သိန်းလောက်ဟာ မြေပြိုရေလွှမ်းမိုးမှု အန္တရာယ်ကို ရင်ဆိုင်နေ ရကြောင်းနဲ့ နိုင်ငံတကာ အကူအညီတွေ ပိုမိုလိုအပ်နေကြောင်း ဖော်ပြထားပါတယ်။

MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကလည်း အခုပြီးခဲ့တဲ့ တစ်နှစ်အတွင်း ကော့ဇ်ဘဇားဒေသမှာ ဒုက္ခသည်တွေအတွက် ဆေးခန်း ၁၉ ခု သူတို့အဖွဲ့က ဖွင့်လှစ်ပြီး ကုသပေးနေကြောင်း၊  စောစောပိုင်းမှာ သူတို့ အများဆုံး ကုသပေးရတာက မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ချေမှုန်းမှုတွေက ရရှိတဲ့ဒဏ်ရာတွေဖြစ်ပေ မယ့် အခုနောက်ပိုင်းမှာတော့ လူတွေမတန်တဆ ကျပ်ညှပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ သန့်ရှင်းမှု မရှိတဲ့အတွက် ဝမ်းရောဂါလို ကူးစက်ရောဂါတွေ ဖြစ်ပွားနေတဲ့ လူနာတွေက အများစုဖြစ်နေကြောင်း ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတကာအလှူရှင်တွေနဲ့ အစိုးရတွေကလည်း အဲဒီ ဒုက္ခသည်တွေ မကြာခင် မြန်မာပြည် ပြန်ကြတော့ မယ်ဆိုတဲ့ အမြင်ရှိကြတဲ့အတွက် အကူအညီ အထောက်အပံ့တွေ နည်းပါးလာနေကြပြီး မြန်မာအစိုးရအပေါ် ဖိအားပေးမှုတွေလည်း လျှော့ပါးနေကြကြောင်း ဖော်ပြထားပါတယ်။

ICRC နိုင်ငံတကာ ကြက်ခြေနီအသင်းကတော့ တနှစ်အတွင်း ဒုက္ခသည် ၉သောင်းခွဲကျော်ကို အစားအစာနဲ့ တခြားလိုအပ်ချက်တွေ ပံ့ပိုးခဲ့ကြောင်း၊ ဒုက္ခသည်တွေ ဘယ်တော့နေရပ်ပြန်နိုင်မလဲ ဆိုတာ မသေချာကြောင်း၊ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေရဲ့ လက်ရှိ သဘောတူညီချက်တွေ၊ ဆောင်ရွက်နေပုံတွေအရ တပတ်ကို ဒုက္ခသည် ၂ဝဝဝ လောက် ပြန်ပို့မယ်ဆိုရင်တောင် ဒုက္ခသည်အားလုံး နေရပ်ပြန်ရောက်ဖို့ အနည်းဆုံး ၇ နှစ်လောက် ကြာမြင့်မှာဖြစ်တဲ့အတွက် ဒီထက်ပိုမိုမြန်ဆန်စွာ ပြန်ပို့နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ လိုကြောင်း ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေဟာ လူသားချင်းစာနာမှု အကူအညီတွေပေါ်မှာပဲ မှီခိုနေကြတဲ့ကာလ ရှည်ကြာလာတာနဲ့အမျှ သူတို့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေ ကျဆင်းသွားကြပြီး မှီခိုလိုစိတ်တွေ တိုးပွါးလာတာဖြစ်တဲ့အတွက် ကြာလေလေ ပုံမှန်လောက အသိုင်းအဝန်းမှာ ပြန်လည်ရပ်တည်လှုပ်ရှားဖို့ ခက်လေလေ ဖြစ်လာကြလိမ့်မယ်လို့လည်း နိုင်ငံ တကာ ကြက်ခြေနီအသင်းက သတိပေးလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေအပေါ် လူ့အခွင့်အရေး ချိုးဖေါက်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအာဏာပိုင်တွေကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး ICC ကို ပို့ဖို့ အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ တီမောနိုင်ငံတွေက လွှတ်တော်အမတ် ၁၃၂ ဦးက သြဂုတ်လ ၂၄ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

ဒီကနေ့ သြဂုတ်လ ၂၅ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်ချေမှုန်းမှု တစ်နှစ်ပြည့် လူထုစုဝေးပွဲ အခမ်းအနားတစ်ခုကို ဝါရှင်တန် ဒီစီမြို့တော်ရှိ အမေရိကန်လွတ်တော် အဆောက်အဦးအနီးမှာ ကျင်းပဖို့ အစီအစဉ် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။