ARSA အကြမ်းဖက်မှု နှစ်ပတ်လည် အထိမ်းအမှတ် ကျင်းပဖို့စီစဉ်
2018.08.20

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အခမ်းအနားကို လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင် အမျိုးသားပါတီက ဦးဆောင်ကျင်းပဖို့ စီစဉ်နေပါတယ်။
အခမ်းအနားနဲ့ ပတ်သက်ပြီး အစိုးရထံ တင်ပြထားတာမရှိသေးကြောင်းနဲ့ လိုအပ်ရင် တင်ပြသွားမှာ ဖြစ်တယ်လို့ ANP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။
"တင်ပြထားတာမရှိပါဘူး။ လုပ်ထုံးလုပ်နည်းနဲ့အညီ လိုအပ်ရင်လည်း ကျနော်တို့ ဥပဒေနဲ့အညီ လုပ်ပါမယ်။ နောက်တစ်ခုကလည်း ဒါဟာ ကျနော်တို့ ဘာသာရေးအရ ကုသိုလ်ကောင်းမှုလုပ်တာပါ။ နိုင်ငံရေးအရ အမြတ်ထုတ်တာလည်း မဟုတ်ပါဘူး။ ကွယ်လွန်သွားကြတဲ့ ဆုံးရှုံးသွားကြတဲ့သူတွေအတွက် ကျနော်တို့ ကုသိုလ်ကောင်းမှုလုပ်မယ့်ကိစ္စကို ဒီလောက်တောင်ကျနော်တို့ လုပ်ဖို့လိုအပ်လားလို့ စဉ်းစားမိပါတယ်။ တကယ်လို့ လုပ်ရမယ်ဆိုရင်လည်း ကျနော်တို့က ဘာမှထိပ်တိုက်မဖြစ်စေချင်ပါဘူး။ ကျနော်တို့ပါတီအနေနဲ့က လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်သွားဖို့ စိတ်ဆန္ဒရှိပါတယ်"
သေဆုံးခဲ့သူတွေအတွက် ကုသိုလ်ကောင်းမှုလုပ်ပြီး ရေစက်ချအခမ်းအနား ကျင်းပသွားမှာဖြစ်သလို အဲဒီပွဲကို ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ပြုလုပ်ဖို့လျာထားပေမယ့် လုံခြုံရေးအခြေအနေအရ စစ်တွေမြို့မှာပဲ လုပ်ဆောင်ဖြစ်မလားဆိုတာ မပြောနိုင်သေးဘူးလို့ ဦးထွန်းအောင်ကျော် ကပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ နှစ်ပတ်လည်ကာလမှာ တကျော့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင် လာနိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောဘက်မှာ လုံခြုံရေးတွေ တင်းကျပ်ထားပြီး စစ်တွေမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အချိန်ပြည့်ကင်းလှည့် ဆောင်ရွက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မောင်တောမြို့နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသွားခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် ကုသိုလ်ပြုပွဲကိုလည်း ပြီးခဲ့တဲ့ ၁၅ ရက်နေ့က ကျင်းပခဲ့ကြောင်း ဟိန္ဒူ လူမှုကူညီရေးခေါင်းဆောင် ဦးနီမောလ် ကပြောပါတယ်။