မောင်တောမှာ နေရာပြန်ပေးဖို့ စီစဉ်


2017.05.03
maungtaw-fire-620.jpeg မီးရှို့ဖျက်ဆီးထားတဲ့ ရွာတွေကို ဂြိုဟ်တုကနေ ရိုက်ကူးထားတာကို တွေ့ရစဉ်
Photo: Human Rights Watch

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေ အတွင်း မီးလောင်သွားတဲ့ ကျေးရွာတွေက မွတ်စလင် မိသားစုတွေကို မူလနေရာတွေမှာ ပြန်လည်နေရာချထားပေး ဖို့ ပြည်နယ်အစိုးရက ပြင်ဆင်နေပါတယ်။

အဲဒီမီးလောင်ပြင်မြေနေရာတွေပေါ်မှာ အိမ်ရာမြေကွက်တွေဖော်နေပြီး မကြာခင် ပြန်လည်နေရာချထားပေး မှာဖြစ်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ကပြောပါတယ်။

"မီးလောင်ပြင်မြေနေရာတွေပေါ်မှာ နေရာချပေးဖို့လုပ်နေတာ၊ မီးလောင်သွားတဲ့ရွာတွေ အကုန်လုံးကို လုပ်ပေးနေတာ၊ ကျေးရွာ ၁၃ ရွာရှိပါတယ်၊ လောလောဆယ်တော့ သူတို့ ဆွေမျိုးသားချင်းတွေ အိမ်မှာနေနေ တယ်၊ အကုန်လုံး ရာခိုင်နှုန်းပြည့်နီးပါး ပြီးခါနီးနေပါပြီ၊ ပြီးတာနဲ့ နေရာချပေးမှာပါ"

ကျေးရွာပေါင်း ၁၃ ရွာမှာ ပေ ၆၀၊ ၄၀ စီရှိတဲ့ အိမ်ရာမြေကွက်တွေ ဖော်နေတာဖြစ်ပြီး အားလုံးပြီးစီးတာနဲ့ တပြိုင် နက် ပြန်လည်နေရာချထားပေးမှာဖြစ်တယ်လို့သိရပါတယ်။

မောင်တောမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့အကြမ်းဖက် တိုက်ခိုက် မှုတွေကြောင့် ကျီးကန်းပြင်၊ ဝပိတ်၊ ရေခပ်ချောင်းခွဆုံ၊ ဦးရှည်ကျ စတဲ့ကျေးရွာပေါင်း ၁၀ ကျော်မှာ နေအိမ် မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာပါ။

နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရတဲ့ မိသားစုတွေဟာ သူတို့ရဲ့ဆွေမျိုးသားချင်းတွေအိမ်မှာ နေထိုင်နေကြရတာဖြစ်တယ လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။