နေရပ်ပြန်လာမယ့်ဒုက္ခသည်တွေကို မောင်တောဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမည်
2018.11.11

ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် မွတ်စလင်ဒုက္ခသည်တွေကို နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ် ထုတ်ပေးမှာဖြစ်ပြီး သူတို့ကို မောင်တောဒေသအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောလိုက်ပါတယ်။
အစိုးရရဲ့ ဒုက္ခသည်ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် လက်တေ့ွမြေပြင်မှာ အကောင်အထည်ဖော်ဆောင် ရွက်နေတဲ့ အခြေအနေနဲ့ အသင့်ဖြစ်နေတဲ့ အခြေအနေတွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒီနေ့ ရန်ကုန်မြို့က လူမှုဝန်ထမ်း ကယ်ဆယ်ရေးဦးစီးဌာနရုံးမှာ သတင်းစာရှင်းလင်းခဲ့တာဖြစ်ပါတယ်။
နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင် မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ Smart Card တွေ ထုတ်ပေးမှာဖြစ်ပြီး အဲဒီမှာ လူမျိုးအမည် ပါနိုင်ခြေနည်းတယ်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
ပထမအသုတ်ပြန်လာမယ့် ဒုက္ခသည်တွေကို ငါးခူရရေလမ်းကြောင်းကနေ ခေါ်ယူမှာဖြစ်ပြီး နောက်ပိုင်းအသုတ်တွေ မှာတော့ ကုန်းလမ်းကြောင်းကိုလည်း အသုံးပြုပြီး ခေါ်ယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့လောက်မှာ ဘင်္ဂလားဒေ့ရှ်ကနေ မွတ်စလင်ဒုက္ခသည် ၂၂၀၀ ကျော် ပြန်လာ မှာဖြစ်ပြီး ပြန်လည်လက်ခံရေးစခန်းတွေမှာ ဒုက္ခသည်တွေကို နှစ်ရက်လောက် ထားမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် လှဖိုးခေါင်ကြားစခန်းမှာ ယာယီနေရာချထားမှာဖြစ်ကာ တစ်လစာ စားနပ်ရိက္ခာနဲ့ ပညာရေး၊ ကျန်းမာရေးပိုင်းဆိုင်ရာတွေကို အစိုးရက တာဝန်ယူသွားမယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။