နေရပ်ပြန်လာခွင့်ရှိသူတွေကို ပြန်ပို့မယ့်အစီအစဉ် ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်


2018.03.25
maungtaw-station-622.jpg တောင်ပြိုလက်ဝဲက လက်ခံရေးစခန်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ထားတဲ့ ဒုက္ခသည်စာရင်းထဲက မြန်မာအစိုးရ စိစစ်ခွင့်ပြုလိုက်သူတွေကို ပြန်ပို့မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက အကြောင်းကြားခြင်း မရှိသေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ ပြောပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာအစိုးရရဲ့ အတည်ပြုစာရင်းအတိုင်း ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့မယ်ဆိုရင် တစ်လခန့် ကြိုတင်အကြောင်းကြားရမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ပြောပါတယ်။

"သူတို့ဘက်က တရားဝင် လူဘယ်နှစ်ယောက်လာမလဲ ဆိုတာလေး ကျနော်တို့ စောင့်နေပါတယ်။ ကျနော်တို့ နှစ်ဖက်သဘောတူထားတာတော့ စခန်းတစ်ခုကို တစ်ရက်ကို လူ ၁၅၀ စပြီး ကျနော်တို့ လက်ခံပါ့မယ်။ စခန်း ၂ ခုမှ တစ်ရက်ကို လူ ၃၀၀ စပြီးလက်ခံဖို့ ကျနော်တို့ဘက်က အဆင်သင့် စောင့်နေပါတယ်။ သူတို့ဘက်က ပြန်လာမယ့်သူစာရင်းကို အနည်းဆုံး တစ်လ ကြိုပြီး အကြောင်းပြန်ပေးပါ့မယ်။ ဒါပေမဲ့ အခုထိ သူတို့ဘက်က တရားဝင် အကြောင်းကြားလာခြင်းတော့ မရှိသေးပါဘူးခင်ဗျ"

မြန်မာနိုင်ငံကို ပြန်လာလိုတဲ့ ဒုက္ခသည် ၈၀၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ပေးပို့ထားတာဖြစ်ပါတယ်။

အဲဒီလိုပေးပို့ရာမှာ ပြန်လာမယ့်သူတွေရဲ့ လက်မှတ်၊ လက်ဗွေအစရှိတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့် မြန်မာအစိုးရဘက်က စိစစ်ရာမှာ ကြန့်ကြာမှုတွေရှိနေပြီး အချက်အလက် အထောက်အထား ပြည့်စုံတဲ့ လူဦးရေ ၅၀၀ ကျော်ကို ပြန်လာဖို့ ခွင့်ပြုပေးခဲ့တယ်လို့ ဦးမြင့်သူ က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ထားတဲ့ လူဦးရေ ၈၀၀၀ ကျော်ဟာ အစ္စလာမ်ဘာသာဝင်တွေသာဖြစ်ပြီး အဲဒီစာရင်း ထဲမှာ ဟိန္ဒူဘာသာဝင်တွေ မပါဝင်ဘူးလို့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။