မောင်တောမြို့က စစ်ဘေးတိမ်းရှောင်လာတဲ့ မြို့ခံငါးဦး ဖမ်းဆီးခံရ

RFA Burmese
2024.05.15
မောင်တောမြို့က စစ်ဘေးတိမ်းရှောင်လာတဲ့ မြို့ခံငါးဦး ဖမ်းဆီးခံရ ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင်ကို တွေ့ရစဉ်။
Photo: RFA

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နဲ့ အနီးတစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ မောင်တောမြို့ခံ ငါးဦးကို မေလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သေခံတွေက ပြောပါတယ်။

မြို့ပေါ်က ထွက်ပြေးလာတဲ့ ဒေသခံအမျိုးသား ငါးဦးကို ဇင်တူလ္လာနဲ့ ဟော်ရိုက်တာလာရွာအကြားမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဇင်တူလ္လာနဲ့ ဟော်ရိုက်တာလာနဲ့က ရွာချင်းကပ်နေတာ။ အဲဒီရွာကြားက လယ်ကွင်းကနေ ရွာကိုဝင်လို့ရတာ။ အဲဒီလမ်းက ဝင်ဖို့အတွက် သူတို့က မြို့ထဲကနေ လာကြတဲ့အချိန် စစ်သားတွေက မြင်သွားတာ။ မလွတ်သေးဘူး။ သူတို့ကို နခခ ၅ ကို လွှဲပေးလိုက်တယ်”

ဖမ်းဆီးခံလိုက်ရတဲ့ မြို့ခံအမျိုးသား ငါးဦးရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။

လက်ရှိမှာ မောင်တောမြို့ အဝင်အထွက်လမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားပြီး မြို့ပေါ်ကနေ ထွက်ဖို့ကြိုးစားကြတဲ့ ဒေသခံတွေကို သေနတ်နဲ့ ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မောင်တောမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် မောင်တောမြို့က ဒေသခံတွေဟာ မေလဆန်းပိုင်းကစလို့ ထွက်ပြေးတိမ်းရှောင်နေကြတာပါ။

စစ်ကောင်စီတပ်ကတော့ မြို့အဝင်အထွက်လမ်းတွေကိုပိတ်ဆို့တာ အဲဒီလမ်းတွေမှာရှိတဲ့ တံတားတွေကို မိုင်းခွဲဖျက်စီးတာနဲ့ ထွက်ပေးတိမ်းရှောင်သူတွေကို အခုလိုဖမ်းဆီးမှုတွေ ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။