အကြမ်းဖက်မှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူတွေနဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ကော်မရှင်အဖွဲ့ တွေ့ဆုံ
2016.12.13

Photo: Myanmar President Office
ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ ဘူးသီးတောင်နဲ့ စစ်တွေမြို့က အကျဉ်းထောင်တွေ မှာ မောင်တော အကြမ်းဖက်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို သွားရောက်တွေ့ဆုံခဲ့ကြ ပါတယ်။
အကြမ်းဖက်ဖြစ်စဉ် ဘာကြောင့်ဖြစ်ရသလဲဆိုတာတွေကို မေးမြန်းခဲ့တယ်လို့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော က ပြောပါတယ်။
''ဘူးသီးတောင်အကျဉ်းထောင်မှာ ဖမ်းဆီးမိခဲ့တဲ့သူတွေကို ဝင်ပြီးတော့မှ စစ်ဆေးတာတွေ မေးမြန်း တာတွေလုပ်တယ်၊ စစ်တွေမှာလည်း စစ်တွေအကျဉ်းထောင်မှာ ခေါ်ယူထိန်းသိမ်းထားတဲ့ သူတွေပေါ့လေ ဖြစ်စဉ်အခြေအနေလေးတွေ ကျနော်တို့ မေးတယ်၊ ဘာ့ကြောင့်ဖြစ်ရတာလဲဆို တာလေးတွေ ကျနော်တို့ မေးတယ်''
ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက် ၊ နိုဝင်ဘာလ ၁၂ ၊ ၁၃ ရက်နေ့တွေက မောင်တောဒေသ အကြမ်းဖက်မှုတွေ နဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက ကွင်းဆင်းလေ့လာနေတာဖြစ်ပါတယ်။
မောင်တော အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားသူဦးရေဟာ လက်ရှိအချိန်ထိ ၆၀၀ ကျော် ရှိတယ်လို့လည်း ပြောပါတယ်။
မနေ့ကအထိ ကော်မရှင်အဖွ့ဲဟာ မောင်တောဒေသက အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ ကျေးရွာ ၁၀ ရွာကျော်ကို သွားရောက်စစ်ဆေးခဲ့ကြပါတယ်။
အဲဒီစစ်ဆေးမှုတွေအရ မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာမှာ အဓမ္မပြုကျင့်မှုတွေ၊ အစ္စလာမ်ဘာသာဝင် ကလေးငယ်တွေ သတ်ဖြတ်ခံရမှုဖြစ်စဉ်တွေကို ကောလာဟလအဖြစ်သာ ကြားနေခဲ့ရပြီး ခိုင်ခိုင်မာမာဖြေကြားနိုင် သူ မရှိဘူးလို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
မကြာသေးခင်ရက်ပိုင်းက THE GUARDIAN သတင်းစာမှာ မောင်တောမြို့နယ် ကြက်ရိုးပြင်ရွာမှာ အဓမ္မပြုကျင့် မှုတွေ၊ ကလေးငယ်တွေ သတ်ဖြတ်ခံရတာတွေ ရှိခဲ့တယ်ဆိုပြီး ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒီသတင်းဖော်ပြချက်နဲ့ စပ်လျဉ်းပြီး ကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်နဲ့ ဒေါက်တာ ဒေါ်သက်သက်ဇင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ အစ္စလာမ်ဘာသာဝင် ရွာသူ/ ရွာသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို တွေ့ ဆုံပြီး အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရမှု ရှိ/မရှိ၊ ကလေးငယ်တွေ နှိပ်စက် အသတ်ခံရမှု ရှိ/မရှိတို့ကို အသေး စိတ်မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။
ဒေသခံရွာသူရွာသားတွေက အဲဒီဖြစ်စဉ်တွေကို ကောလာဟလအဖြစ် ကြားသိနေရပေမယ့် တိတိကျကျ ဖြေ ကြားနိုင်ခြင်းမရှိကြောင်း ဖြေကြားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ကော်မရှင်အဖွဲ့ဟာ လာမယ့် ဇန်နဝါရီလကုန်မှာ တွေ့ရှိခဲ့တဲ့အချက်အလက်တွေကို စုံစမ်းစစ်ဆေးရေးအစီရင်ခံစာ အဖြစ် နိုင်ငံတော်သမ္မတထံ ပေးပို့ရမှာဖြစ်ပါတယ်။