မောင်တောကော်မရှင် ဘင်္ဂလားဒေ့ရှ်ကို သွားဖို့ ညှိနှိုင်းနေ
2017.02.26

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်အဖြစ် ရောက်ရှိနေတဲ့ မွတ်ဆလင်တွေကို တွေ့ဆုံမေးမြန်းဖို့ အတွက် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင် က လာမယ့်တပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်နေတယ်လို့ ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေ က ပြောပါတယ်။
ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေ ပိုပြီး တရားမျှတမှုရှိဖို့ ပြည့်စုံဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်နေတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းဖို့ စီစဉ်ရတာဖြစ်တယ်လို့ ဦးဇော်မြင့်ဖေ က ပြောပါတယ်။
"သူတို့မှာလည်းပဲ သူတို့မှာ အခွင့်အရေး ရှိတယ်လေ။ ပြောခွင့်ရှိတာပေါ့။ သူတို့မှာ ဥပဒေပါ အခွင့်အရေးအရ။ ကျနော်တို့လည်းပဲ သူတို့နဲ့ တွေ့ဆုံလိုက်လို့ ရှိရင် ပိုပြီးတော့ ဒီဟာလေး ပိုပြီးတော့ တရားမျှတမယ်။ ပိုလည်း ပြည့်စုံမယ်ဆိုတဲ့သဘောနဲ့ ကျနော်တို့ သွားတာလည်း ဖြစ်ပါတယ်။"
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်နိုင်ဖို့အတွက် နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းနေဆဲဖြစ်ပြီး သွားမယ့်ရက်အတိအကျကိုတော့ မကြာခင်သိရမှာဖြစ် တယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာပါ ကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်က သွားရောက် စုံစမ်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။
မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေရတဲ့ လူပေါင်း ၂၀၀ ကျော်ကို မေးမြန်းပြီး ထုတ်ပြန်ခဲ့တဲ့ အဲဒီ အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့တွေက အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ၊ မီးရှို့သတ်ဖြတ်တာတွေအထိ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။