လူမျိုးတုန်းသတ်ဖြတ်မှု မတွေ့ရဟု အစိုးရကော်မရှင်ပြော


2017.01.03
maungtaw-investigate-commission-620.jpg ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ က နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ကျင်းပစဉ်
Photo: Myanmar President Office
အစိုးရဖွဲ့စည်းပေးထားတဲ့ မောင်တောဒေသစုံစမ်းရေးကော်မရှင်က မနေ့ကထုတ်ပြန်တဲ့ ကြားဖြတ်အစီအရင်ခံစာ မှာ လုံခြုံရေးတပ်ဖွဲ့များဟာ ဘင်္ဂလီကျေးရွာများမှာ အဓမ္မပြုကျင့်မှုများ ဥပဒေမဲ့ ဖမ်းဆီးမှုနဲ့ ညှဉ်းပန်းနှိပ်စက်မှုများ
မီးရှို့မှုများ ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ်မှာ အလေးထားစုံစမ်းခဲ့တယ်လို့ ရေသားထားပါတယ်။

ကော်မရှင်ရဲ့ တွေ့ရှိချက်အရ အခုအချိန်အထိ အဓမ္မပြုကျင့်မှုများနဲ့ ပတ်သက်ပြီး အရေးယူမှုနဲ့ ဆက်လက်ဆောင်ရွက်ရန် အထောက်အထားသက်သေများ မရရှိသေးဘူးလို့လည်း ဖေါ်ပြထားပါတယ်။

မောင်တော အကြမ်းဖက်မှုဟာ အာလ်မူလ် မူဂျာဟင်ဒင်အဖွဲ့က မောင်တောဒေသခံ ကျောက်ပြင်ဆိပ်ရွာက ဘာသာရေး လူမျိုးရေး အစွန်းရောက်တဦးကို အသုံးချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီကျောက်ပြင်ဆိပ်ရွာသား ဟာမတ်ဇူးလူနီဟာ ပါကစ္စတန်ရှိ တာလီဘန်တွေထံမှာ သင်တန်း ၆ လ တက်ရောက်ခဲ့ပြီး တခြားပါကစ္စတန် နိုင်ငံသားတွေနဲ့ပေါင်းပြီး ဒေသနေအစွန်းရောက်လူငယ်တွေကို သင်တန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးချက်အရ လူမျိုးတုန်းအောင် သတ်ဖြတ်တာမျိုး မတွေ့ရသလို ဘာသာရေးအရ ဖိနိပ်ချုပ်ချယ်မှုလည်း မရှိဘူးလို့ ဆိုပါတယ်။ သက်သေအနေနဲ့ ဘင်္ဂလီလူဦးရေနဲ့ ဗလီ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံနဲ့ မော်လဝီဦးရေ တိုးပွားများပြားနေတာကို တွေ့ရလို့ဖြစ်တယ်လို့ ဆိုပါတယ်။ တဆက် တည်း တွေ့ရှိချက်အရ အကြမ်းဖက်မှုနဲ့ ဆက်နွယ်ပြီး တရားခံ ၄၈၅ ဦးကို အမှုပေါင်း ၄၉ မှုအတွက် ဖမ်းဆီးခဲ့ပြီး အမှု ၂၈ မှုကို တရားရုံးတင်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ဖမ်းစီးထားသူတွေအနက် ဖမ်းထားသူ ၁၀ ဦးမှာ သက်သေခိုင်လုံခြင်း မရှိတာကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ခုလိုကြားဖြတ်အစီရင်ခံစာ ထုတ်ပြန်ခဲ့သလို အာဏာပိုင်တွေက အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာ ရရှိတာတွေနဲ့ ပတ်သက်ပြီးလည်း မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အသတ်ခံရသူများအနေနဲ့ အောက်တိုဘာ ၅ ရက်နေ့က အမျိုးသားနှစ်ဦး ၁၄ ရက်နေ့က တဦးနဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က အမျိုးသားတဦးနဲ့ ဒီဇင်ဘာ ၂၁ ရက် ၂၅၊ ၂၆ရက်တွေနဲ့ ဇန်နဝါရီ ၂ရက်နေ့တွေမှာ တဦးစီနဲ့ စုစုပေါင်း ၈ ဦး အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရှိသူ သုံးဦးရှိခဲ့ပြီး တပ်နဲ့ ရဲတပ်ဖွဲ့ကို သတင်းပေးမှုကြောင့်လို့ဆိုပြီး ဒီဇင်ဘာ ၁၃ ရက်နေ့က သဝန်ချောင်းမြောက်ရွာနေ တဦးနဲ့ ဇန်နဝါရီလ ၂ ရက်နေ့က တူရာတူလီရွာက ရာအိမ်မူတို့ကို အကြမ်းဖက် အဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။