မောင်တောမှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာနှစ်ဦး သေဆုံး

RFA Burmese
2024.07.11
မောင်တောမှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာနှစ်ဦး သေဆုံး ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မွတ်စလင်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များမှ ဘေးလွတ်ရာသို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ကူညီပို့ဆောင်ပေးခဲ့စဉ်။
Facebook/ Arakan Princess Media

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မောင်တောမြို့မှာ ဇူလိုင်လ ၁၀ ရက်နေ့က ရိုဟင်ဂျာအများစုနေထိုင်တဲ့ မြို့မအနောက်ရပ်ကွက် ဖေစီရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရိုဟင်ဂျာနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဘယ်အဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးဆိုတာကို မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ကညနေပိုင်း ၇ နာရီလောက်မှာတော့ နခခ-၅ က မီးခိုးတွေထွက်နေတာ မြင်လိုက်ရတယ်။ မနေ့ကတစ်ညလုံး အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်တယ်။ ဖေစီရွာက နှစ်ယောက်သေတယ်။ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူး”

ဇူလိုင်လ ၆ ရက်နေ့ကလည်း ဖေစီရွာအနီးက ဟောက်ရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာတစ်ဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။

မောင်တောမြို့မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြို့ပေါ်မှာနေထိုင်သူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရတဲ့နည်းနဲ့ ထွက်ပြေးတိမ်းရှောင်တာတွေလည်း ရှိနေတယ်လို့ မောင်တောမြို့ခံတစ်ဦးက ပြောပါတယ်။

“မြို့ပေါ်ကလူတွေ အများအားဖြင့် ဘင်္ဂလားကို ထွက်ပြေးသွားကြတယ်။ ရက္ခိုင့်တပ်တော်ကတော့ သွားခွင့်ပေးတယ်။ စစ်ကောင်စီက လုံးဝသွားခွင့်မပေးဘူး။ မနက်ပိုင်းအစောကြီး စစ်ကောင်စီတပ်မရှိတဲ့အချိန်မှာ သွားလို့ ရသူတွေက ရသွားကြတယ်။ မသွားလိုက်ရတဲ့လူတွေလည်း အများကြီးရှိတယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်နဲ့ မြို့ပတ်ဝန်းကျင်မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်တော့မှာဖြစ်လို့ မြို့ခံတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာကြဖို့ဆိုပြီး ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဇွန်လ ၁၆ ရက် အရေးပေါ်ကြေညာချက် ထုတ်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၁၁ ရက် ဒီနေ့အထိ တစ်လနီးပါးအတွင်း မောင်တောမြို့ပေါ်နဲ့ မြို့အနီးတစ်၀ိုက်က ရိုဟင်ဂျာ ငါးထောင်နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံသွားကြတယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။