မောင်တောက တပ်စခန်းတချို့ကို လက်နက်ချဖို့သတိပေးထားပြီး AA ပစ်ခတ်နေ
2024.04.30

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကျီးကန်းပြင်ဌာနချုပ်နဲ့ လှဖိုးခေါင်က အမှတ် (၁၀) နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဒရုန်း၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးအပြင် ဂျက်တိုက်လေယာဥ်တွေနဲ့ပါ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အမှတ် (၁) နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံးရှိရာ ကျီးကန်းပြင်ဌာနချုပ်နဲ့ အမှတ် (၂) ပြန်လည်လက်ခံရေးစခန်းရှိရာ လှဖိုးခေါင်တပ်စခန်းကို (AA) က ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ပစ်ခတ်ခဲ့ပြီး လက်နက်ချဖို့ ပြောဆိုထားတယ်လို့ ဒီအခြေအနေကိုသိတဲ့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကျီးကန်းပြင်နဲ့ လှဖိုးခေါင်ကို (AA) က သတိပေးထားတယ်။ အလံဖြူထောင်မှာလား၊ တိုက်မှာလားဆိုပြီးတော့။ (AA) က ဟိုနေ့က ဒရုန်းနဲ့ပါ ရှော့တိုက်ဒုံးနဲ့ ပစ်တာတော့ရှိတယ်လို့ ပြောတယ်။ မြို့သူကြီးတပ်စခန်းကလည်း မနေ့က လက်နက်ကြီးပစ်သံတွေ ထွက်နေတယ်။ ဝင်တိုက်တာတော့မရှိသေးဘူး"
ကျီးကန်းပြင်ဌာနချုပ်နဲ့ တစ်မိုင်ခန့်အကွာ အောင်မင်္ဂလာကျေးရွာ နယ်ခြားစောင့်ကင်းစခန်းက တပ်ဖွဲ့ဝင်တွေဟာ ဧပြီလ ၂၃ ရက်နေ့လယ်ပိုင်းမှာ (AA) ထံ လက်နက်ချခဲ့ပြီးနောက် အခုလို နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစခန်းက တပ်ဖွဲ့ဝင် ၁၇ ဦးခန့်ဟာ ကျီးကန်းပြင်ဌာနချုပ်သို့ တပ်ဆုတ်ခဲ့ပေမယ့် လက်မခံခဲ့တာကြောင့် (AA) ထံမှာ လက်နက်ချ အလင်းဝင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဧပြီ ၂၄ ရက်နေ့ညမှာတော့ ကျီးကန်းပြင်ဌာနချုပ်ရဲ့ ကာကင်းဖြစ်တဲ့ မင်္ဂလာကြီးကျေးရွာအနီး ချောင်းဝနားက နယ်ခြားစောင့် ကင်းစခန်းငယ်တစ်ခုကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့မနက်ပိုင်း တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဘူးသီးတောင်မြို့အနီးက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၅) ကို (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်ကောင်စီတပ်ကလည်း အဲဒီစခန်းမကျရေး ဂျက်တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ ဒေသခံတွေက ပြောပါတယ်။
မောင်တောနဲ့ဘူးသီးတောင်က တိုက်ပွဲဟာ မြို့ပေါ်နဲ့နီးကပ်လာနေတာကြောင့် မြို့အဝင်အထွက်လမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသလို (AA) ကလည်း အဲဒီမြို့နယ်နှစ်ခုစလုံးကို ဧပြီလ ၂၆ ရက်နေ့ကစပြီး ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။