မောင်တောမှာ ARSA နဲ့ AA တိုက်ပွဲဖြစ်

RFA Burmese
2024.10.22
မောင်တောမှာ ARSA နဲ့ AA တိုက်ပွဲဖြစ် အာရက္ခတပ်တော် (AA) က အာရကန် ရိုဟင်ဂျာကယ်တင်ရေး (ARSA) တပ်ဖွဲ့ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ထားစဉ်။
AA info Desk

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဂြင်းတောစခန်းအနီးမှာ အောက်တိုဘာ ၂၂ ရက်နေ့လယ်က အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ ARSA တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသူတွေကို လိုက်လံရှင်းလင်းတိုက်ခိုက်နေတယ်လို့ AA သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ ခရုချောင်းရွာ အနောက်မြောက်ဘက် တောင်တန်းမှာ ARSA အဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အနီးပတ်ဝန်းကျင်မှာပဲ တိုက်ပွဲ ငါးကြိမ်လောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း ARSA အဖွဲ့တွေ စခန်းချထားတဲ့ နေရာ လေးနေရာကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သလို စစ်ကောင်စီ သင်တန်းပေးပြီး လက်နက်ခဲယမ်းတပ်ဆင်ပေးထားသူတွေရဲ့ ရုပ်အလောင်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ်မှာ စစ်ကောင်စီစခန်းအားလုံးနီးပါးကို AA က သိမ်းပိုက်ထားပြီး အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၅) စခန်းတစ်ခုသာ ကျန်နေပြီဖြစ်ပေမဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့အတွင်း AA လက်လှမ်းမမီတဲ့ တောတောင်တွေထဲမှာ ARSA၊ RSO နဲ့ ARA လက်နက်ကိုင်တပ်ဖွဲ့တွေက တပ်စခန်းတွေ အခိုင်အမာ တည်ဆောက် ခိုအောင်းနေတယ်လို့လည်း AA က ဆိုပါတယ်။

ဒါ့အပြင် အရပ်သားတွေကို ဖမ်းဆီးတာ၊ အကြမ်းဖက်သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ငွေညှစ်တာတွေ ဆက်တိုက်လုပ်ဆောင်နေသလို စစ်ကောင်စီနဲ့ ပူးတွဲစစ်ရေးလှုပ်ရှားပြီး AA ကို တိုက်ခိုက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ အန္တရာယ်ဟာ ရခိုင်ဒေသတင်မကဘဲ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်နယ်စပ် နှစ်ဖက်စလုံးမှာရှိတဲ့ အရပ်သားတွေအတွက် စိုးရိမ်စရာ ကောင်းတယ်လို့ AA က ဆိုပါတယ်။ ဒီအခြေအနေဟာ ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် စိန်ခေါ်မှု အသစ်တစ်ခုဖြစ်လာတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဘူးသီးတောင်၊ မောင်တောမြို့တွင်း အခြေအနေနဲ့ ပတ်သက်ပြီး ARSA၊ RSO နဲ့ ARA အဖွဲ့တွေကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်မဖြေသေးပါဘူး။

ARSA အပါအဝင် လက်နက်ကိုင်အဖွဲ့တချို့နဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေတယ်ဆိုတဲ့ AA ထုတ်ပြန်ချက်ပါ စွပ်စွဲချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

အာရက္ခတပ်တော် (AA) ဆီမှာ လက်နက်ချခဲ့တဲ့ ဘူးသီးတောင်အခြေစိုက် တပ်ရင်းမှူး ဗိုလ်မှူးလှိုင်ဝင်းထွန်းနဲ့ The Diplomat သတင်းဌာနတို့ ဇွန်လအတွင်း တွေ့ဆုံမေးမြန်းချက်တစ်ခုမှာတော့ စစ်ကောင်စီက AA ကို တိုက်ခိုက်ဖို့အတွက် ARSA အဖွဲ့ကို ချဉ်းကပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ ရသေ့တောင်မြို့ကို လက်လွှတ်လိုက်ရပြီးနောက် ဘူးသီးတောင်မြို့မှာ AA ကို ထိုးစစ်ဆင်ဖို့အတွက် ချဉ်းကပ်ခဲ့တာလို့ ဗိုလ်မှူး လှိုင်ဝင်းထွန်းက ပြောထားတာဖြစ်ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာမွတ်စလင် ၇၅ဝ ကို စစ်ကောင်စီက သင်တန်းပေးခဲ့သလို၊ အဲဒီနောက်ပိုင်း ARSA နဲ့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားတာတွေ ရှိခဲ့ကြောင်း သူက ဝန်ခံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။