မောင်တောခရိုင် ပညာရေးမှူး အသတ်ခံရ

2022.10.03
မောင်တောခရိုင် ပညာရေးမှူး အသတ်ခံရ ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ဓားထိုးခံလိုက်ရသည့် ခရိုင်ပညာရေးမှူးကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်စဉ်။
ဓာတ်ပုံ- မောင်တောမြို့နယ် ကရုဏာကွန်ရက်

ရခိုင်ပြည်နယ် မောင်တောခရိုင် ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်းဟာ အောက်တိုဘာ ၂ ရက် မနေ့ညနေက ဓားနဲ့အထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောပေါ် မြို့သူကြီးရပ်ကွက်မှာရှိတဲ့ ခရိုင်ပညာရေးမှူးရုံးထဲက သူရဲ့နေအိမ်မှာပဲ အသတ်ခံလိုက်ရတာလို့ မောင်တောမြို့ ကရုဏာကွန်ရက် လူမှုကူညီရေးအသင်းက ဥက္ကဋ္ဌ ကိုချစ်ထူးနိုင်က RFA ကိုပြောပါတယ်။

“ည ၇ နာရီလောက်မှာ သူရဲ့နေအိမ်ရှေ့ကို လူသုံးယောက် ရောက်လာတယ်တဲ့။ ပြီးတော့ ဆရာမကြီးရှိလား မေးတယ်။ ဆရာမ ဆင်းလာတာနဲ့ ဓားနဲ့ အထိုးခံလိုက် ရတာလို့ ပြောတယ်။ ဆရာမ အိမ်က ဆင်းသွားတာကြာပြီဆိုတော့ သူ့ယောကျာ်းက ဆင်းကြည့်တဲ့အခါမှာ သွေးအိုင်ထဲ လဲနေတာတွေ့တယ်တဲ့။ အဲဒီမှာ ကျနော်တို့ အသင်းကို အကူအညီတောင်းတော့ ဆေးရုံကို အရေးပေါ်ပို့ပေးလိုက်ရတယ်။ ဆေးရုံထဲမှာပဲ သေသွားခဲ့တာပါ”

သေဆုံးသွားတဲ့ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်းဟာ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက အပြောင်းအရွှေ့နဲ့ အခုပညာသင်နှစ် အစောပိုင်းကမှ မောင်တောမြို့ကို အသစ်ရောက်ရှိလာတာပါ။

ဘာကြောင့် အသတ်ခံရသလဲဆိုတာ တိတိကျကျမသိရသေးသလို လုပ်တဲ့သူတွေကိုလည်း ဖမ်းဆီးရမိတာ မရှိသေးတာကြောင့် စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မောင်တောမြို့ပေါ်မှာ မနေ့ညကစပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။