မံစီ စစ်ဘေးဒုက္ခသည် ၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

RFA Burmese
2024.02.25
မံစီ စစ်ဘေးဒုက္ခသည် ၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး မံစီမြို့နယ် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဥ်။
သုညသုခ ပရဟိတ လူငယ်အသင်း

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးရွာအနီး တိုက်ပွဲဖြစ်လို့ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ၁၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

စီခမ်းကြီးရွာအနီး စစ်ကောင်စီတပ်စခန်းကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၆ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၉ ရက်မှာ သိမ်းယူခဲ့ပါတယ်။

စီခမ်းကြီးရွာက မောင်ထက်ခိုင်ဝင်း၊ မောင်ဇွဲသီဟကျော်၊ မောင်ဟိန်းလင်းအောင်၊ မောင်ဇော်ငြိမ်း၊ မောင်ရှိုင်းထက်အောင်နဲ့ စီကော်ရွာက မောင်အဒီး၊ ကိုဘရန်ဆန်အောင်၊ ကိုတူးဂျာတို့ အပါအဝင် ၁၅ ဦးဟာ ဗန်းမော်မြို့ကို ထွက်ပြေးတိမ်းရှောင်ရင်း မြို့အဝင် ငါးမိုင်ဂိတ်အရောက် ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဖမ်းဆီးခံရတာပါ။

ဖေဖော်ဝါရီလ ၂၅ ရက်အထိ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ ဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

“ဖမ်းသွားတာ ၁၅ ဦးပါ။ ဗန်းမော်မြို့အဝင် စစ်ကောင်စီရဲ့ ငါးမိုင်စစ်ဆေးရေးဂိတ်မှာ ဖမ်းခံထားရတာပါ။ အဲဒီဂိတ်က လူမှုကူညီရေးကားတွေကိုတောင် ပိုက်စိပ်တိုက် စစ်တာ ဆေးတာ။ အခုထိ မိသားစုနဲ့ အဆက်အသွယ် မရကြသေးပါဘူး”

ဖမ်းဆီးခံရပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီ ငါးမိုင်စစ်ဆေးရေးဂိတ်ကို မိသားစုဝင်တချို့ သွားရောက်စုံစမ်းခဲ့ပေမယ့် ဘာသတင်းမှမသိခဲ့ရဘူးလို့ သူကပြောပါတယ်။

စီခမ်းကြီးရွာအနီး လေးရက်ကြာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ဒေသခံ တစ်ထောင်ကျော်ဟာ မံစီမြို့နဲ့ ဗန်းမော်မြို့တွေပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ကောင်စီကတော့ နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် ဗန်းမော်မြို့ရဲ့ မြို့ အဝင်၊ အထွက်တွေမှာ စစ်ဆေးမေးမြန်းတာတွေရှိပေမယ့် အရပ်သားတွေကို ဖမ်းဆီးထားတာမရှိဘူးလို့ ဖေဖော်ဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့စာရင်းအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူ ၂၀,၁၇၅ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၈၈၀၄ ဦး ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။