မန္တလေး NLD ကထိန်ပွဲ သက်ဆိုင်ရာက ကူညီ

မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ၄ ကြိမ်မြောက် ကထိန်ပွဲကို စစ်ကိုင်း ဘုန်းကြီးကျောင်း တကျောင်းမှာ ဒီကနေ့ ကျင်းပကြပါတယ်။

2010.11.28

စစ်ကိုင်းတောင် အသင့်ဇေတဝန် ကျောင်းတိုက်မှာ သံဃာ ၁၁ ပါးကို ဒီနေ့မနက် ကထိန်ပွဲ ကျင်းပ လှူဒါန်းခဲ့ကြပါတယ်။ ဒီနှစ် ကထိန်ပွဲမှာ NLD အဖွဲ့ဝင်တွေအပြင် ပြည်သူတွေလည်း ပါဝင်လာကြတာကြောင့် အရင်နှစ်တွေထက် ပိုမို စည်ကားတယ်လို့ မန္တလေးတိုင်း စည်းရုံးရေးတာဝန်ခံ ဦးမျိုးနိုင်က ပြောပြပါတယ်။

“ကထိန်သင်္ကန်းကို အဓိကထားပြီး လှူပါတယ်။ ဒီတခေါက်ကတော့ တော်တော်များများ လှူဒါန်းနိုင်ပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက်မှာ ပြည်သူလူထု နိုးကြားတာရော အဖွဲ့ချုပ် အဖွဲ့ဝင်များကလည်း တက်ကြွတာကြောင့်မို့ ကျနော်တို့ ဒီကထိန်ဟာ ပိုပြီးတော့ အခါတိုင်းနှစ်ထက် မတူဘူး၊ တမူထူးခြားပြီး လှူဒါန်းနိုင်တဲ့ ပွဲဖြစ်ပါတယ်”

မန္တလေး NLD က ကျင်းပတဲ့ မနှစ်က ကထိန်ပွဲမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကထိန်သင်္ကန်းကပ် လှူဒါန်းမယ့် ဘုန်းကြီးကျောင်းမှာ သွားပြီး မေးမြန်းစစ်ဆေးတာ၊ လှူဒါန်းသူတွေကို ဓာတ်ပုံရိုက်ယူတာ၊ ဧည့်စာရင်း စစ်ဆေးတာ၊ စသဖြင့် အနှောက်အယှက် အမျိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနှစ် ကထိန်ပွဲမှာတော့ အာဏာပိုင်တွေက အနှောက်အယှက် မပေးတဲ့အပြင် အကူအညီတွေတောင် ပေးခဲ့တယ်လို့ ဦးမျိုးနိုင်က ဆက်ပြောပါတယ်။

“ဒီတခေါက်မှာ ပို ထူးထူးခြားခြား ဖြစ်တာကတော့ သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တာဝန်ယူထားတဲ့ ရဲအဖွဲ့တွေ ဘာတွေကနေပြီးတော့ သူတို့ကိုယ်တိုင်က ကျနော်တို့ လုပ်တဲ့ကိုင်တဲ့ နေရာမှာ အဆင်ပြေအောင် သူတို့ လုံခြုံရေး ယူပေးထားပါတယ်။ ဘာမှ အနှောက်အယှက်လည်း မပေးပါဘူးဆိုပြီး သူတို့ကိုယ်တိုင်က လာပြောပါတယ်ခင်ဗျ။ မနေ့က ဥက္ကဋ္ဌ ဦးသိန်းတန်အိမ် ကနေပြီးတော့ မန္တလေးမြို့ထဲကနေ လှည့်ပြီး စစ်ကိုင်း ကထိန်ခင်းတဲ့ကျောင်း လာရာတလျှောက်မှာ ဘာမှ အနှောက်အယှက် မပေးဘူး။ မော်တော်ပီကယ်တွေက စပြီး လမ်းရှင်းပေးတဲ့ အထိတောင် အကူအညီ ပေးပါတယ်”

မန္တလေး NLF အဖွဲ့တွေ အနေနဲ့ အခုလို ကထိန်ပွဲတွေကို ၂၀၀၇ ခုနှစ်ကတည်းက စတင် ကျင်းပလာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။