မသုံးတဲ့ အသိမ်းခံ လယ်မြေ တောင်သူများဝင်ရောက် စိုက်ပျိုး
2014.06.24
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် တက်မျှောကျေးရွာမှာ စက္ကူစက်ရုံတည်ဆောက်ဖို့နဲ့ ဝါစိုက်ခင်းစီမံကိန်းအတွက် သိမ်းထားတဲ့လယ်ယာမြေဧက ၁ ထောင်ကျော်ထဲက ပိုနေတဲ့ဧက ၅၀၀ ကျော်မှာ တောင်သူတွေက ဒီနေ့ ဝင်ရောက် ထွန်ယက်ခဲ့ကြပါတယ်။
ဒီနေ့ ဝင်ရောက်ထွန်ယက်ခဲ့တဲ့ တက်မျှောကျေးရွာက တောင်သူ ဒေါ်တင်တင်စန်းက အခုလို ပြောပါတယ်။
"စက္ကူစက်ရုံ ဝန်ထမ်းအိမ်ယာတွေပေါ့နော် ဆောက်ထားတဲ့ မြေတွေ ကျမတို့မြေတွေပါ၊ အဲ့တော့ လွတ်လပ် တဲ့မြေလေးတွေကို ကျမတို့ လုပ်ကိုင်စားချင်ပါတယ်၊ မလွတ်လပ်လို့ သိမ်းဆည်းထားတဲ့မြေလေးတွေကို ကျမတို့အနေနဲ့ နစ်နာကြေးလေးလေးရအောင်လို့ ကျမတို့ လိုချင်ပါတယ်၊ တောင်းဆိုပါတယ်၊ စက်က္ကူစက်ရုံနဲ့ မလွတ်တဲ့မြေတွေကို သိမ်းဆည်းထားတဲ့မြေတွေကို ကျမအနေနဲ့ လျော်ကြေးလိုချင်ပါတယ်၊ အဲ့လျော်ကြေး ဆိုတာလည်း ကာလပေါက်တဲ့တန်ကြေးကို ကျမလိုချင်ပါတယ်"
လွန်ခဲ့တဲ့ ၁၉၇၅ ခုနှစ်ကစပြီး စက်မှုဝန်ကြီးဌာနက စက္ကူ စက်ရုံနဲ့ ဝါစိုက်ခင်းစီမံကိန်းအတွက် စဉ့်ကိုင်မြို့နယ် တက်မျှောကျေးရွာက လယ်ယာမြေဧက တစ်ထောင်ကျော်ကို သိမ်းဆည်းခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။
သိမ်းထားတဲ့ လယ်ယာမြေဧက ၁ထောင်ကျော်ထဲက ဧက ၅၀၀လောက်မှာ စက္ကူစက်ရုံနဲ့ ဝန်ထမ်းအိမ်ယာတွေ ဆောက် လုပ်ထားပြီး အသုံးမပြုဘဲ ပိုလျှံနေတဲ့ မြေတွေကို သီးစားချထားတယ်လို့ သိရပါ တယ်။