မန္တလေးမြို့မှာ လူငယ် ၁၅ ဦးခန့် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံရ
2024.02.26
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်မှာ ဖေဖော်ဝါရီလ ၂၅ ရက်က လူငယ် ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်၊ ရဲနဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူ အများစုဟာ လူငယ်ပိုင်းတွေဖြစ်ကြပြီး အဲဒီအထဲမှာ စားသောက်ဆိုင်တွေရဲ့ စားပွဲထိုးဝန်ထမ်းတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ဟာ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းကနေ နေ့လယ်ပိုင်းအထိ အောင်ပင်လယ်ရပ်ကွက်ထဲ ဝင်ရောက်ပြီး လူငယ်တွေကို ဖမ်းဆီးသွားတာလို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတစ်ဦးက RFA ကိုပြောပါတယ်။
“၁၀၃ (လမ်း) နဲ့ ၁၀၁ (လမ်း) ကြား၊ သိပ္ပံလမ်းနဲ့ ၁၀၃ (လမ်း) ကြား၊ အရှေ့မြို့ပတ်လမ်းနဲ့ ၅၄ (လမ်း) ကြား ဝင်မွှေတယ်။ အဲဒီနားမှာ အသေးစား KTV ဆိုင်တွေလည်း ရှိတယ်။ အဲဒီက စားပွဲထိုးဝန်ထမ်းတွေလည်း ပါသွားတယ်။ ၁၇ ယောက်လောက် အဖမ်းခံရတယ်လို့ သိရပါတယ်”
အဖမ်းခံရသူတချို့ကို ငွေနဲ့ ပြန်ရွေးခိုင်းတာရှိပေမယ့် ဘယ်နှဦးပြန်လွတ်သလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတစ်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ လုံခြုံရေး အခြေအနေအရ ဖြေဆိုဖို့ အခက်အခဲရှိတာကြောင့် ဖမ်းဆီးခံရမှု အခြေအနေ အသေးစိတ်ကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
ဒီလိုဖမ်းဆီးမှုအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အရွယ်ရောက်သူတိုင်း စစ်မှု မထမ်းမနေရဥပဒေ ကျင့်သုံးမယ်လို့ စစ်ကောင်စီကကြေညာပြီးတဲ့နောက် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဧည့်စာရင်းစစ်တာ၊ ဖမ်းတာတွေ မကြာခဏ ဖြစ်နေပါတယ်။
ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ခုနစ်ရက် ဒါမှမဟုတ် ဒဏ်ငွေ တစ်သောင်း ပေးရမယ်ဆိုတဲ့ ဧည့်စာရင်းဥပဒေကို စစ်တပ်အာဏာသိမ်းကတည်းက ပြန်ပြီးကျင့်သုံးနေပါတယ်။