မန္တလေးမှာ လေးရက်အတွင်း လူငယ် ၁၂ ဦး ဖမ်းဆီးခံရကြောင်း ဒေသခံတွေပြော

RFA Burmese
2023.12.26
မန္တလေးမှာ လေးရက်အတွင်း လူငယ် ၁၂ ဦး ဖမ်းဆီးခံရကြောင်း ဒေသခံတွေပြော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ် မတ်လ ၂၁ ရက်နေ့က မန္တလေးမြို့တွင် တွေ့ရစဉ်။
RFA

မန္တလေးတိုင်း၊ မန္တလေးမြို့မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၄ ရက်အတွင်း လူငယ် ၁၂ ဦးကို စစ်ကောင်စီ တပ်သားတွေ ဆက်တိုက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမရပူရမြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက်က ဆိုင်ကယ်စီးလာတဲ့ လူငယ်သုံးဦး ဖမ်းဆီးခံရသလို ဒီဇင်ဘာ ၂၂ ရက်မှာ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ ၈၆ လမ်းထောင့်မှာ ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦးနဲ့ ချမ်းမြသာစည်မြို့နယ် ၁၀၁ လမ်းနဲ့ ၁၀၂ လမ်းကြား၊ ၆၂လမ်းပေါ်မှာ အိမ်စီးကားနဲ့လာတဲ့ လူငယ်သုံးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၄ ရက်မှာလည်း မဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့ လူငယ်လေးဦးကို စစ်ကောင်စီတပ်သားတွေ ထပ်မံ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ အသေးစိတ်အခြေအနေကို မသိရှိရသေးသလို ဘယ်မှာဖမ်းဆီးထားလဲ ဆိုတာကိုလည်း တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးကတော့ လက်ရှိ ဖမ်းဆီးခံရသူတွေ ဟာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်ဆက်နွှယ်တာမရှိဘူးလို့ RFA ကို ပြောပါတယ်။

"အခု ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းက ကြားတယ်ဗျ။ ပြန်ပြီး ကြားရတာကလည်း အဲဒီ ဖမ်းဆီးခံရသူတွေက တော်လှန်ရေးသမားတွေ မဟုတ်ဘူးဆိုတာကလည်း ကြားသိရ တယ်ဗျ"

မန္တလေးနန်းတွင်းအပါအဝင် စစ်ကောင်စီတပ်ရဲ့ နေရာငါးခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ဒီဇင်ဘာ ၂၀ ရက်မှာ တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အခုလိုဆက်တိုက် ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လုံခြုံပြီး စိတ်ချရတယ်ဆိုတဲ့ နေရာတွေ တိုက်ခိုက်ခံရတာကြောင့် လူငယ်တိုင်းကို သံသယနဲ့ စစ်ဆေးဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ရှိတဲ့ မန္တလေးနန်းမြို့တွင်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ မန္တလေးကျုံးပတ်လည်နဲ့ မြို့တွင်းနေရာအနှံ့အပြားမှာ စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။