မန္တလေးမြို့တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တချို့ကို ဒေသအာဏာပိုင်တွေက ခေါ်ဆောင်သွား

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးကျောင်းမှာ ဒီကနေ့ မနက်မှာ ကျင်းပမဲ့ ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အခမ်းအနားအတွက် ရပ်ဝေးက ကြိုတင်ရောက်ရှိနေတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ရှိနေချိန်မှာ ဒေသအာဏာပိုင်တွေက ကျောင်းကို ဝိုင်းပိတ်ထားလိုက်ပြီး တချို့ကို အာဏာပိုင်တွေ ခေါ်ဆောင်သွားတယ်လို့သတင်းရရှိပါတယ်။

2012.07.06

မြဝတီမင်းကြီးကျောင်းကို အခမ်းအနားအတွက် ရပ်ဝေးက ဗကသအဖွဲ့၂၀ ကျော်ခန့် ကြိုတင်ရောက်နေချိန်မှာ ဆရာတော်ထံကို အာဏာပိုင်တွေက မနေ့ညက ရောက်လာပြီး အခမ်းအနား ကျင်းပတာကို ခွင့်မပြုဖို့ လျှောက်ထားခဲ့ကြောင်း၊ အဲဒီနောက် ရွှေဘိုခရိုင် ဗကသအဖွဲ့ဝင်တွေကို ရွှေဘို အာဏာပိုင်တွေက ခေါ်သွားကြောင်း အမည်မဖော်လိုတဲ့ မုံရွာဗကသ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"မြဝတီမင်းကြီးကျောင်းထဲမှာ မုံရွာကျောင်းသား သမဂ္ဂနဲ့ မန္တလေးကျောင်းသား သမဂ္ဂအဖွဲ့တို့ အဲဒီထဲမှာ ပိတ်မိနေတယ်။ အပြင်မှာ ဝိုင်းထိုင်နေတဲ့ သူတွေရှိတယ်ဗျ။ ရဲတွေရော၊ SB တွေရော။ ရွှေဘိုအဖွဲ့ကိုတော့ ရွေဘို ကခေါ်သွားတယ်ဗျ။ ကျွန်တော်တို့ မုံရွာခရိုင် ကျောင်းသားသမဂ္ဂအနေနဲ့ ၅ ယောက် တက်တယ်။ ၄ ယောက်က အဲဒီမှာ၊ ၁ ယောက်က အပြင်မှာရောက်နေတယ်။ မန္တလေး ဗကသ ဖြစ်မြောက်ရေး ကော်မတီက ကိုမိုးထက်နေရယ်၊ ကိုအောင်မိုင်းဆိုင်းရယ်၊ ကိုသန်းထိုက်ရယ် သူတို့က မနက်ကတည်းက မေးဖို့ခေါ်သွားတာလား၊ ဖမ်းတာလား အခုထက်ထိ၊ ဒီညအထိ အခြေအနေမရသေးဘူးခင်ဗျ။ ကျောင်းထဲမှာ ကျွန်တော်တို့ ဘုန်းကြီး အပါး ၂၀ လောက်ပင့်ထားတယ်ခင်ဗျ။ ဘုန်းကြီးအပါး ၂၀ ကိုလည်း သူတို့ သံဃာ့နာယက ပိတ်တယ်လို့ပြောတယ်ဗျ။

ခေါ်ဆောင်ခံရတဲ့ ရွှေဘိုခရိုင် ဗကသ အဖွဲ့ဝင်တွေက ကိုပြည့်ဖြိုးကျော်၊ ကိုဝဿန်၊ ကိုခင်ဦးနဲ့ မဌေးဌေးဝင်းတို့ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီကနေ့ကျင်းပမယ့် အခမ်းအနားကို မြင်းခြံ၊ ပုခုက္ကူ၊ ပုသိမ်ကြီး၊ မတ္တရာနဲ့ ပြင်ဦးလွင်မြို့တွေက ဗကသ အဖွဲ့တွေလည်း တက်ရောက်ဖို့ ရှိတယ်လို့သိရပါတယ်။ နောက်ထပ် ရောက်လာမယ့် နယ်မြို့တွေက ကျောင်းသား ကိုယ်စားလှယ်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်ကြဖို့ ပြောထားကြောင်း လက်ရှိ ရှောင်တိမ်းနေရတဲ့ ဗကသ အထက်မြန်မာပြည် ပေါ်ထွန်းရေး ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က အာအက်ဖ်အေကို ပြောပါတယ်။

ဖုန်းဆက်သွယ်မှုတွေ ခက်ခဲနေပြီး နောက်ထပ် ဘယ်သူတွေ ခေါ်ဆောင်ခံရသလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။